Headlines

နေပူတောင်အား ၂၅နှစ်တာကာလ ငှားရမ်းထားခြင်းကိစ္စအား ပြည်နယ်အစိုးရမှ တောင်ကုတ်တွင် ရှင်းလင်းပွဲပြုလုပ်

ရခိုင့်အသံ။ Mar 28, 2013

ရခိုင်ပြည် တောင်ကုတ်မြို့မှ ၂၉ မိုင်၊ ၄ ဖာလုံခန့်အကွာ၊ ရခိုင်ရိုးမ တောင်ပေါ်ရှိ နေပူတောင်အား
ပြည်ထောင်စုအစိုးရ၊ သတ္တုတွင်းဝန်ကြီးဌာနမှ အကျိုးတူစာချုပ် ချုပ်ဆိုလျက် ဗီယက်နမ်နိုင်ငံ (MYSICO) ကုမ္ပဏီသို့ ၂၅နှစ်တာကာလ ငှားရမ်းထားခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တောင်ကုတ်မြို့ မယက ရုံးတွင် မတ်လ (၂၆) ရက်နေ့က ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ရှင်းလင်းပွဲကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်း၊ သစ်တောနှင့် သတ္တုဌာနဝန်ကြီး ဦးအောင်သန်းတင်တို့က တောင်ကုတ်မြို့(မယက)ရုံးတွင် နေ့လယ် ၂း၃၀နာရီမှ ညနေ ၄း၃၀နာရီအထိပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှင်းလင်းပွဲသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့မှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၈.၁၇)သန်းကုန်ကျမည်၊ လုပ်ငန်းအတွက် နိုင်ငံခြားလုပ်သား (၅၆)ဦးနှင့် ပြည်တွင်း ဒေသခံ အလုပ်သမား(၂၄၀)ကို ခန့်ထားမည်ကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများသိလိုသော SIA၊ EIA / ဒေသဖွံ့ဖြိုးရေး များအား ချပြခဲ့ခြင်းမျိုးမရှိ၊ ဒေသခံများမှ ကုန်ချောအား ဒေသတွင် ထုတ်လုပ်ပြောကြားချက်ကို အထက်ကို တင်ပြပေးမည်ဟု ဝန်ကြီးများက ပြောကြားခဲ့ကြောင်းကို ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ တောင်ကုတ် လူမှုကွန်ယက်မှ ဦးစိုးဝင်းက ပြောသည်။

“ ဘာမှမရှင်းဘဲနေတာ ထက်စာရင်တော့ ကောင်းလာ ပါတယ်။ ပွင့်လင်းမြင်သာမှုရှိတာကိုပြရုံလေးပါပဲ၊ နေပူတောင်ကိစ္စကို ပြည်သူတွေ သိချင်တာက အစိုးရနဲ့ ကုမ္ပဏီတို့ ချုပ်ဆိုထားတဲ့ စာချုပ်ကိုပါပဲ၊ စာချုပ်အရ ဒေသခံတွေဘာရမလဲ၊ ဘာတွေဆုံးရှုံး နစ်နာမှာလဲ ဆိုတာသိချင်နေကြတယ်၊ ကျနော်က ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို စာချုပ်ပါ အချက်တွေကို ချပြဖို့ တောင်းဆိုတော့ စာချုပ်အကြောင်းဂဃဏနမရှင်းပြနိုင်ခဲ့ဘူး”ဟု တောင်ကုတ်NLD အတွင်းရေးမှူး ဦးမင်းအောင်က ပြောသည်။

ယခုကဲ့သို့ ရှင်းလင်းရခြင်းမှာ ပြည်ထောင်စု အစိုးရမှ နေပူတောင်အား အလှဆင်မာဘယ်လ်ကျောက်များ ထုတ်လုပ်ရန် ဗီယက်နမ်နိုင်ငံ Myanmar SIMCO Song Da Limited Joint Stock Company (MYSICO) ကုမ္ပဏီသို့ ငှားရမ်းထားခြင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိသဖြင့် ပြည်သူအများ မကျေမနပ်ဖြစ်နေသည်ကို မီဒီယာများက ဖော်ပြလာကြ၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ယခုကဲ့သို့ လာရောက်ကာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့တာ ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။

ရခိုင်ပြည်နယ်လွှတ်တော် ပထမအကြိမ် ဆဌမပုံမှန်အစည်းအဝေး ဆဌမနေ့တွင် စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော် က ၂၀၁၃ ခုနှစ် ရခိုင်ပြည်နယ်ဒေသန္တရစီမံကိန်း တွင် ပါဝင်သော နေပူတောင်မှ ကျောက်များကို တစ်နှစ်လျင် မက်ထရိတ်တန် ၇၈၅၀ ကို ၂၀၁၃ခုနှစ်မှစတင်ကာ ထုတ်လုပ်မည့် စီမံကိန်းနှင့်ပတ်သတ်၍ ကန့်ကွက်ပြီး စီမံကိန်းအား ရပ်နားရန် အဆိုတင်သွင်း တောင်းဆိုခဲ့ကြောင်း သိရသည်။

နေပူတောင်ကျောက်မှာ မြန်မာနိုင်ငံတွင်းရှိ ကျောက်များထဲတွင် တစ်ခုတည်းသော ထူးခြားသည့် ကျောက်တမျိုးဖြစ်ပြီး အဖိုးမဖြတ်နိုင်သော ကျောက်တောင်ဟု သိထားသည့် ဒေသခံရခိုင်ပြည်သူလူထုမှလည်း ဒေသအတွက် အကျိုးခံစားခွင့် တစ်စုံတရာမရှိဘဲ သဘာဝပတ်ဝန်းကျင်၊ သယံဇာတနှင့် နေပူတောင်တစ်ခုလုံးအား ကွယ်ပျောက်သွားအောင်အထိ ထုတ်လုပ်မည်ဆိုလျင် လုံးဝလက်ခံကြမည် မဟုတ်သဖြင့် စီမံကိန်းအား ခေတ္တရပ်နားပြီး “မည်သို့အသုံးဝင်သည်၊ မည်မျှတန်ဖိုးရှိသည်”၊ သုတေသနလုပ်ပြီး ဗီယက်နမ် နိုင်ငံနှင့် ချုပ်ဆိုထားသော စာချုပ်ပါ အကြောင်းအရာများကို ဒေသခံရခိုင်ပြည်သူလူထုနှင့် မြန်မာနိုင်ငံသား များအား ပွင့်လင်းမြင်သာသော သတင်းထုတ်ပြန်မူများကို ပြုလုပ်ပြီးမှ အဆိုပါ ကျောက်များအား ထုတ်ယူရန် တိုက်တွန်းပါကြောင်း ကန့်ကွက်တောင်းဆိုခဲ့သည်များ ပါရှိသည်။

MYSICO ကုမ္ပဏီ၏ ကျောက်ထုတ်လုပ်ရေးစီမံကိန်းအား မြန်ဆန်စွာ လုပ်ကိုင်နိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံမှသံအမတ် Mr.NChu Cong Phung၊ MYSICO ကုမ္ပဏီ ၏ မန်နေဂျင်း ဒါရိုက်တာ Mr. Ngagen Cong Kun တို့မှာ ရခိုင်ပြည်နယ်အစိုးရနှင့် ဇန်နဝါရီလ (၂၈) ရက်နေ့ က ဆွေးနွေးခဲ့ကြပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ပထမတန်းစားကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်နှင့် ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်သည့် အဆင့်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

နေပူတောင်မှာ ပင်လယ်ရေပြင်မှ ၂၂၂၃ ပေမြင့်ပြီး ကျောက်တောင် အမြင့်ပေ ၃၀၀ ခန့်၊ တောင်ပတ်လည်မှာ (၅) မိုင်ခန့်ရှိပြီး အဆိုပါကျောက်ဆောင်ကြီး အပြင်ဘေးဘက်ချိုးမြောက်ကြီးတွင်လည်း Marble ကျောက်ဆောင်တန်းကြီးများ လည်း ရှိနေသေးပြီး တောင်၏ သက်တမ်း ၇၅ သန်းကျော်ရှိကြောင်းသိရသည်။

အဆိုပါ နေပူတောင်အား နေပူခံသော တောင်ဖြစ်၍ ဒေသခံများက နေပူတောင်ဟု ခေါ်ဆိုကြပြီး နေပူတောင် ကျောက်မှာ အအေးဓါတ်ရှိ၍ အရောင်မှာ အညိုရောင်၊ အဖြူရောင်၊ အုန်းခွံ့ရောင်၊ နီညိုရောင် စသည်ဖြင့် အရောင် အမျိုးမျိုးတွေ့ရှိရသည်။

၁၉၇၁ ခုနှစ်ခန့်က ထုတ်ဝေခဲ့သော ဗိုလ်တထောင်သတင်းစာတွင် ပြည်ခရိုင် ပန်းတောင်းမြို့အပိုင်၊ မိုင် (၇၀) အကွာတွင် ဒေါ်လာကုဋေ (၉၀၀) တန်ဖိုးရှိသော Marble ကျောက်ဆောင်ကြီး တွေ့ရှိ ဟု ရေးသားဖော်ပြခဲ့ကြောင်း သိရသည်။

ယခင်က နေပူတောင်ကျောက်အား မိုင်းခွဲကာ အမှတ်(၁) စက်မှု ဝန်ကြီးဌာနမှ လွိုင်ကော်နှင့် တညင်တို့တွင် နေရာများ ပြောင်းရွှေ့၍ ကျောက်ပြားစက်ရုံ တည်ဆောက်ကာ အနှစ်သုံးဆယ်ခန့် ကျောက်ထုတ်လုပ်မှု လုပ်ကိုင်ခဲ့ပြီး ရပ်ဆိုင်းထားခဲ့သည်မှာ (၇) ခန့်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။