Headlines

ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်တွင် နိုင်ငံတကာသမိုင်းပညာရှင်များ ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲပြုလုပ်

ရခိုင့်အသံ။ Mar 13, 2013
နိုင်ငံတကာ သမိုင်းပညာရှင်များ၏ ရခိုင် သမိုင်းဆိုင်ရာ ရှင်းလင်းပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟီဒေါတက္ကသိုလ်၌ မတ်လ ၉ ရက်နေ့က ကျင်းပြုပြုလုပ်ခဲ့ကြောင်း သိရသည်။
” သမိုင်းရှင်းလင်းပွဲပြုလုပ်ရတဲ့ အဓိက ရည်ရွယ်ချက်က ရခိုင်တို့ရဲ့ သမိုင်းအမှန်ကို ကမ္ဘာက သိစေဖို့ဖြစ်ပါတယ်။ ဒီလိုသိရှိလာစေဖို့အတွက် သမိုင်းဆိုင်ရာ ပညာရှင်တွေ ပြောသွားတဲ့ စကားတွေ၊ အချက်အလက်တွေကို မြန်မာ၊ အင်္ဂလိပ် ဘာသာများအပြင် ထိုင်းဘာသသာနှင့်လည်း စာအုပ် ထုတ်ဝေသွားပါမယ်၊ ပြီးတော့ အဲဒီစာအုပ် စာတန်းတွေကို နိုင်ငံတကာ တက္ကသိုလ်စာကြည့်တိုက်တွေမှာ ခိုင်မာတဲ့အကိုးအကားအဖြစ် ကျန်ရှိစေဖို့ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မြန်မာမီဒီယာ ပြည်ပမီဒီယာဖြစ်ကြတဲ့ သတင်းဌာနတွေနဲ့ နိုင်ငံတကာ သုံးနေကြတဲ့ ရိုဟင်ဂျာဆိုတဲ့ လူမျိုးနှင့် နာမည်ဟာ မြန်မာနိုင်ငံသမိုင်းမှာ တကယ်ထင်ရှားရှိခဲ့တာလား သို့မဟုတ် လုပ်ဇာတ်ဆင်ထားတာလားဆိုတာကို နိုင်ငံတကာသမိုင်းပညာရှင်တွေ ဟောပြောတဲ့အချက်အလက်တွေနဲ့ သုံးသပ်ဝေဖန်ပြီး အမှန်တရားကို လက်ခံလာဖို့ ရည်ရွယ်တယ်။ ” ဟု ကော်မတီ၏ အထွေထွေဘဏ္ဍာရေးမှူး ဦးရေဝတက မိန့်ကြားသည်။
အဆိုပါ ရှင်းလင်းပွဲတွင် ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ဖြစ်ကြသည့် ပြင်သစ်နိုင်ငံ အာရှ လေ့လာရေး ဌာနမှ Dr.JacquesP.Leider ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ချ် ဘာသာ စကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ Dr. Stephan Van Galen ၊ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ် နိုင်ငံတကာ လေ့လာရေး ဌာနမှ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းတို့က ရခိုင်သမိုင်းနှင့် စပ်လျဉ်း၍ တက်ရောက်ရှင်းလင်းခဲ့ကြသည်။
ရခိုင်သမိုင်းကိုရှင်းလင်းရာတွင် ရှေးဦးစွာ ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ Dr.JacquesP.Leider က ၁၇၈၅ ခုနှစ်မှ၁၈၂၅ခုနှစ်များအတွင်းက ရခိုင်ပြည်၏ သမိုင်းဆိုင်ရာ အခြေအနေများ၊ နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး အခြေအနေများကို လည်းကောင်း၊ ပါမောက္ခDr.Stephan Van Galen က ၁၅ရာစုမှ ၁၈ရာစုအတွင်း ရခိုင် နှင့် ဘင်္ဂလားအကြား ဆက်ဆံရေး အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်းက “ရခိုင်-နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစုအကြမ်းဖက်မှု”ခေါင်းစဉ်ဖြင့် လည်းကောင်း ရှင်းလင်းပြောကြားသွားခဲ့သည်။
ဟောပြောချက်များအပြီး၌ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပညာရှင်များက ပြန်လည် ဖြေကြား ရာတွင် “ရိုဟင်ဂျာ”အမည် ကို မည်သူက မည်သည့် အချိန်က စတင်အသုံးပြုခဲ့သလဲဆိုသည့် အမေးနှင့် ပတ်သက်၍ “ကျွန်တော် အရင်တုန်းကလည်း ပြောဖူးပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနှစ်မှာ ဘူးသီးတောင်က Mr. Abdul Gaffa က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်ကတော့ သူက ဒီစကားလုံးကို Roshang or Rohan က ယူတာပါ။ ဒီစကားရပ်ဟာ ဘင်္ဂါလီစကားရပ်ဖြစ်ပြီး ရခိုင်တွေကို ခေါ်တဲ့ စကားရပ်ပါ” ဟု ဒေါက်တာအေးချမ်းက ဖြေကြားသည်။
ရိုဟင်ဂျာသမိုင်းကို ရေးသားနေသူ ဦးဌေးလွင်ဦး၏ “ရိုဟင်ဂျာနှင့်ဘင်္ဂလီ” ခေါ်ဝေါ်မှုနှင့် စပ်လျဉ်း၍ မေးမြန်း ချက်အား ဒေါက်တာအေးချမ်းက “ဦးဌေးလွင်ဦးပြောကြားသည့် စကားရပ်ပါ ရိုဟင် (Rohan) ဆိုသည်မှာ ဘင်္ဂလီတို့က သူတို့ကိုသူတို့ ခေါ်ဆိုခဲ့သည့်အမည်မဟုတ်ဘဲ၊ ဘင်္ဂါလီများက ဒေသခံရခိုင်တွေကို ခေါ်သည့် စကားလုံးသာ ဖြစ်ကြောင်း၊ Rohan စကားလုံးသည် နောက်မှ ဝင်ရောက်လာသည့် တရားမဝင် ခိုးဝင် အခြေချ နေထိုင်သူများကို မဆိုလိုကြောင်း” ရှင်းလင်းခဲ့သည်။
ထို့နောက်လိပ်ခဲတည်းလဲဖြစ်နေသောရိုဟင်ဂျာပြဿနာနှင့်ပတ်သက်၍သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက “ကျွန်တော် အသေအချာ ပြောနိုင်တာကတော့ ယခု ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ဆိုနေသူတွေဟာ ဘင်္ဂါလီတွေပါပဲ။ ဒါတွေကို ကိုလိုနီခေတ် မှတ်တမ်းတွေမှာ မှတ်တမ်းတင် ထားပါတယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်မှာ မရှိပါဘူး” ဟု အခိုင်အမာပြောဆိုခဲ့သည်။
ပါမောက္ခ Dr. Stephan Van Galen ကလည်း “ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ့်၁၇ ရာစု လောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး” ဟု ရိုဟင်ဂျာ အသုံးအနှုန်း သုံးစွဲမှု မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားခဲ့သလို၊ ရခိုင်မှာ မွတ်စလင်ဘုရင် ရှိခဲ့ပါသလားဆိုသည့် အမေးကိုလည်း ၎င်းက “၁၇ ရာစုကို လေ့လာတဲ့ ကျွန်တော်ရဲ့ စာတမ်းအရ ရခိုင်မှာ မွတ်စလင်ဘုရင် မရှိပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ဆက်လက်၍ ပုဂံခေတ်၌ မြန်မာတို့က ရခိုင်ပြည်ကို သိမ်းပိုက်မှုနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ Dr.JacquesP.Leider က “သက်သေအထောက်အထား မရှိကြောင်း” ဟု ပြန်လည် ဖြေကြား ခဲ့သည်။
အဆိုပါရှင်းလင်းပွဲသို့ တက္ကသိုလ် အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာန များနှင့် ဖိတ်ကြားထားသူများ၊ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ တက္ကသိုလ်များမှ ရခိုင် ရဟန်းသံဃာများနှင့် ကျောင်းသား၊ကျောင်းသူများ၊ မွတ်ဆလင်ခေါင်းဆောင်များနှင့်သမိုင်းပညာရှင်များ၊ပြည်တွင်းမှ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီတို့မှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဦးအေးသာအောင်၊ ဒေါက်တာအေးမောင် အပါအဝင် ရခိုင်နိုင်ငံရေခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။
နိုင်ငံတကာပညာရှင်များ၏ ရခိုင်သမိုင်းဆိုင်ရာရှင်းလင်းပွဲကို ထိုနေ့ နေ့လည် ၁၂နာရီမှ ညနေ ၄း၁၀ နာရီထိ အောင်မြင်စွာကျင်းပခဲ့ပြီး၊ ရှင်းလင်းပွဲဟောပြော၊ မေးမြန်းဖြေကြားချက်များကို စီစဉ်သူများကပြည်တွင်းနှင့် နိုင်ငံတကာ သို့ ဖြန့်ဝေသွားမည်ဟုလည်းသိရသည်။