ရခိုင့်အသံ။ Mar 12, 2013
ပြည်ထောင်စု အစိုးရ၏ ညွှန်ကြားချက်ဖြင့် ရခိုင်ပြည်နယ်တွင် လာမည့် ၂၀၁၃/၁၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ ရခိုင်စာပေသင်ကြားနိုင်ရန် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ သမိုင်သုတေသီများ၊ စာပေပညာရှင်များမှ ရခိုင်စာသင်ရိုးညွှန်းတမ်းပြုစုရေးကော်မတီကိုဖွဲ့စည်းကာ သင်ရိုးညွှန်းတမ်းရေးဆွဲနေ ကြောင်း သိရသည်။
“ပြည်ထောင်စုအစိုးရက ဒီနှစ်ကစပြီး ရခိုင်ပြည်နယ်မှာ ရခိုင်စာ သင်ကြားဖို့ညွှန်ကြားလာတယ်။ ဒါကြောင့် သမိုင်းပညာရှင်တွေ၊စာပေပညာရှင်တွေနဲ့ညှိနှိုင်းပြီး ကျနော်တို့ သင်ရိုးညွှန်းတမ်းရေးဆွဲနေပါတယ်။ အောက်ခြေ ကစလို့ အတန်းသုံးတန်းရေးဆွဲတဲ့ နေရာမှာ အခုဆို အခြေခံအကျဆုံး သူငယ်တန်းကို ရေးဆွဲပြီးနေပါပြီ” ဟု ရခိုင်စာသင်ရိုးညွှန်းတမ်းရေးဆွဲရေးကော်မတီအတွင်းရေးမှူး ဦးဇော်ဝင်းနိုင်ကပြောသည်။
ရခိုင်စာပေကို လာမည့်ပညာသင်နှစ်တွင် အစိုးရကျောင်းများ၌ တရားဝင်ပြဋ္ဌာန်းသင်ကြားနိုင်ရေးအတွက် ရခိုင်စာပေ သင်ရိုး ညွှန်းတမ်း ရေးဆွဲရေးအဖွဲ့မှ ပြုစုနေသော ရခိုင်စာပေသင်ရိုးညွှန်းတမ်းမှာ မတ်လ၉ရက်နေ့ တွင် ရခိုင်စာပေသင်ရိုးညွှန်းတမ်း(သူငယ်တန်း)ကို ရေးဆွဲပြီး မူလတန်းအဆင့်ရေးဆွဲကြရာတွင် ရခိုင်သဘာဝတေးကဗျာ အရွေ့သာခြင်းများအများစု ပါဝင်ကြောင်း သိရသည်။
လာမည့်မတ်လ ၁၆ ရက်နေ့တွင် ပထမတန်းနှင့် ဒုတိယတန်းကို တစ်လအတွင်းအပြီးသတ် ရေးဆွဲမည်ဖြစ်ပြီး
သတ်မှတ်ထားသော အတန်းအားလုံး၏ သင်ရိုးညွှန်းတမ်းများ ရေးဆွဲပြီးပါက ရခိုင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဒေါက်တာအောင်ကျောင်မင်းမှ တဆင့် ပြည်ထောင်စုအစိုးရထံ တင်ပြကာ လိုအပ်သောကျောင်းသုံး စာအုပ်များကို ဧပြီနှင့် မေလတွင်အပြီးရိုက်နှိပ်ပြီး သက်ဆိုင်ရာ ကျောင်းများသို့ ဖြန့်ဝေကာ ဇွန်လမှစ၍သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်စာသင်ကြားရာတွင် မသင်မနေရစနစ်မျိုးမဟုတ်ဘဲ ကျောင်းချိန်ပြင်ပ စာသင်ခန်းတွင် သင်ရမည်ဖြစ်ပြီး ရခိုင်စာသင်ယူမည့် ကျောင်းသား အယောက်သုံးဆယ်အတွက် ဆရာတဦးကို သီးသန့် ငှာပေးမည်ဖြစ်ရာ အစိုးရမှ အဆိုပါ လစာအား ပေးထားမည်ဖြစ်ကြောင်း သိရသည်။
ယခုရေးဆွဲပြီး၊ ရေးဆွဲနေသော ပြဋ္ဌာန်းချက်များမှာ ပြီးပြည့်စုံသော ပြဋ္ဌာန်းချက်မျိုး မဟုတ်သေးဘဲ ရခိုင်စာပေသင်ကြားရေးပထမခြေလှမ်း အဆင့်သာရှိပြီး ရခိုင်ဒေသမှာမတူကွဲပြားသော စကားသံများ၊ ဝေါဟာရများ အချိန်ယူကာ ဖြည်းဆည်းဆောင်ရွက်သွားရန်လိုအပ်ပြီး သုတေသန ပိုင်းတွင်လည်း နားလည်မှု ရှိရှိဖြင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူစွဲများကို ဘေးဖယ်ပြီး မျှတစွာ ဆောင်ရွက်သွားမည် ဆိုပါက ပြီးပြည့်စုံသော ရခိုင်စာပေသင်ကြားရေး စနစ်တစ်ခုဖြစ်ထွန်းလာမည်ဟု ညှိနှိုင်းရေးအစည်းအဝေး တက်ရောက် ခဲ့သူ ရခိုင်သမိုင်းသုတေသီ ဦးကောသလ္လ(ဂဝေသီ)က မိန့်ကြားသည်။
ရခိုင်အက္ခရာ အရေးအသားအဖြစ် မြောက်ဦးခေတ် အဝိုင်းအက္ခရာကို ရခိုင်အက္ခရာ( Arakan Alphabet) အဖြစ် အသုံးပြု သွားမည်ဖြစ်ပြီး၊ ရခိုင်ဝေါဟာရများကိုမူ ရှေးခေတ် ရခိုင်ရွှေနန်းတော်သုံး(ရာဇဌာနီသုံး) ဝေါဟာရများနှင့် ကျေးလက်သုံးဝေါဟာများကို သမမျှတစွာသုံးစွဲသွားမည်ဖြစ်သည်ဟု ဦးကောသလ္လ (ဂဝေသီ)က မိန့်ကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးမူများကိုချမှတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါမူများအား သင်ရိုး ပြုစုရေးအဖွဲမှ ပြည်နယ်ဥပဒေချုပ်ရုံးအစည်းအဝေးခန်းမတွင် လေးရက်တိုင်တိုင် မနားတမ်းရေးဆွဲ ပြုစုခဲ့ကြခြင်း ဖြစ်ပြီး ရခိုင်သမိုင်းတလျှောက် နှစ်ပေါင်းနှစ်ရာကျော် ကာလအတွင်း မည်သည့်အခါကမျှ သင်ကြားခွင့်မရခဲ့သော ရခိုင်စာပေကို လာမည့်ပညာသင်နှစ်တွင် ရခိုင်ပြည်နယ် အစိုးရကျောင်းများ၌ တရားဝင်ပြဋ္ဌာန်းသင်ကြား ရတော့မည်ဖြစ်သဖြင့် ဝမ်းမြောက်မိပါကြောင်း သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ဝင် ရခိုင်သမိုင်း သုတေသီ ဆရာတော် ဦးကုသလ (ငွေသဇင်)က မိန့်ကြားခဲ့သည်။