ရခိုင့်အသံ။ Feb 27, 2013
ရခိုင်ဒေသ ရေလုပ်ငန်းများအနက် ကျောက်ပုဇွန်လုပ်ငန်းမှာ ပြည်ပဝင်ငွေအကောင်းဆုံးလုပ်ငန်းဖြစ်နေကြောင်း ကျောက်ပုဇွန်လုပ်ငန်းအများဆုံး လုပ်ကိုင်နေသော ကျောက်ဖြူမြို့မှ ရေလုပ်ငန်းရှင်များက Independent ဂျာနယ်ကို ပြောသည်။
“အခြားရေလုပ်ငန်းတွေဆိုတာက ပြည်တွင်းပြည်ပ ဈေးကွက် နှစ်မျိုးလုံးရှိတယ်။ ကျောက်ပုဇွန်ကတော့ ပြည်ပ ဈေးကွက်သီးသန့် တစ်ခုတည်း ရပ်တည်တယ်။ ကျနော်တို့ဆီမှာကတော့ ကျောက်ပုဇွန်ကို ဒေါ်လာပုဇွန်လို့တောင် ခေါ်ကြတယ်။ အဲဒီလောက်ကို ပြည်ပဝင်ငွေရရှိမှု အားကောင်းတယ်လေ” ဟု ကျောက်ဖြူမြို့မှရေလုပ်ငန်းရှင်ဦးကျော်ညွန့်က ပြောသည်။
ရခိုင်ပြည်နယ်တွင် ကျောက်ဖြူမြို့တွင်ကျောက်ပုဇွန်ဒိုင်အများဆုံးတွေ့ရပြီး၊ကျောက်ဖြူ၊ မြေပုံ၊ အမ်း စသည့် မြို့နယ်များမှ ကျောက်ပုဇွန်ဖမ်းသူများက ကျောက်ဖြူမြို့ရှိ ပုဇွန်ဒိုင် (၁၈) ဒိုင်တွင်လာရောက် ရောင်းချ ကြသည်။
“ကျောက်ပုဇွန်တွေကို ကျနော်တို့က ကာလာ၊ အစိမ်း၊ ရိုးရိုး ဆိုပြီးတော့ သုံးမျိုးခွဲလို့ ဝယ်ပါတယ်။ ကာလာ ကတော့အမြင့်ဆုံးဈေးရှိတယ်။လက်ရှိပေါက်ဈေးကတော့ဆယ်သားအထက်တပိဿာကို လေးသောင်းခွဲဈေး ပေးတယ်”ဟု ကျောက်ပုဇွန်ဝယ်ယူခြင်းနှင့်စပ်လျဉ်းပြီး ဦးကျော်ညွန့်ကရှင်းပြသည်။
ဒိုင်သို့ရောက်လာသော ကျောက်ပုဇွန်များကို အပူချိန် ၁၈ ဒီဂရီရှိ ရေကန်ငယ်များမှာ ထည့်ထားပြီးရေကို တစ်နေ့တစ်ကြိမ် ရေကို ပုံမှန် လဲပေးရသလို၊ အောက်စီဂျင်ကိုလည်းအမြဲမပြတ်သွင်းပေးထားရသည်။
“သူတို့အတွက် အစာအဖြစ် ပုဇွန်ဆိတ်ကလေးတွေကိုဈေးကဝယ်ပြီးတော့ တစ်နေ့တစ်ကြိမ်ကျွေးရတယ်။ ကျောက်ပုဇွန်တွေကတစ်ပတ်လောက်အထိအထိအသက်ရှင်နေနိုင်တဲ့အတွက်၊ယင်းရက်မတိုင်ခင်မှာ အရောင်း အဝယ်လုပ်ရတယ်။တစ်ကောင်သေဆုံးသွားမယ်ဆိုရင်ချက်ချင်းပဲ ကန်ကဆယ်ယူ ဖယ်ထုတ်ပေးရတယ်။ မဟုတ်ရင် ရေက အပုပ်နံ့ထွက်ပြီးတော့ အခြားပုဇွန်တွေပါ ပျက်စီးသွားနိုင်လို့ပဲ”ဟု သိုလှောင်ထိန်းသိမ်းပုံ စနစ်နှင့်ပတ်သက်၍ ကျောက်ဖြူ ပုဇွန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ထိုသို့ ကျောက်ဖြူဒိုင်၌ ကျောက်ပုဇွန်များကို စုဆောင်းထားပြီး၊ စက္ကူပုံးများနှင့်ပါကင်ပြုလုပ်ပြီး၊ ပုံး၏ အလယ် တွင် အအေးပုလင်း ထည့်လျက် လေယာဉ်ဖြင့် ရန်ကုန်သို့ သယ်ယူပို့ဆောင်ကြသည်။
“တစ်ပတ်မှာ ပျမ်းမျှလေးကြိမ်လောက် ရန်ကုန်ကိုပို့ဖြစ်တယ်။ တစ်ကြိမ်ပို့ရင် ၃ပုံးကနေ ၁၀ပုံးထိ ပုဇွန်ရရင် ရသလို ပို့ပါတယ်။ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ ပုဇွန်ကန်ကြီးတွေမှာ သူတို့ ပေးတဲ့ဈေး အပေါ် မူတည်ပြီးတော့ ရောင်းကြပါတယ်”ဟု ရန်ကုန်သို့ တင်ပို့ရောင်းချပုံအကြောင်းကိုပုဇွန်လုပ်ငန်းရှင် နောက်တစ်ဦး
ဖြစ်သူ ဦးခင်အေးမောင်ကရှင်းပြသည်။
ကျောက်ပုဇွန်ကို တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ် နိုင်ငံများသို့ Export ရောင်းချကြပြီး၊ ပြည်ပဈေးကွက် တစ်ခုတည်းကိုသာ အမှီသဟဲ ပြုနေရသည်နှင့်အညီ၊ ဈေးအတက်အကျမှာလည်း ပြည်ပဈေးကွက်၏ သတ်မှတ်ဈေးနှုန်းကိုလိုက်၍ ပြည်တွင်းတွင် ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်လေ့ရှိကြောင်း မင်္ဂလာဒုံမြို့နယ်မှ ပုဇွန်ကန်ပိုင်ရှင်တစ်ဦးကဆိုသည်။
“ရခိုင်ကလာတဲ့ ကျောက်ပုဇွန်တွေက နိုင်ငံဲခးဈေးကွက်မှာ ရောင်းပန်းလှတယ်ဗျ။ ရခိုင်ကျောက်ပုဇွန်ဟာ ဧရာဝတီကျောက်ပုဇွန်ထက်အရွယ်အစားပိုကြီးတယ်။ အရသာလည်းပိုရှိတယ်။ နောက်ပြီးတော့ရခိုင်ပုဇွန် က အခြားဒေသတွေထက် အထွက်နှုန်းပိုကောင်းပြီး ဈေးပိုလည်းရတယ်”ဟု အဆိုပါလုပ်ငန်းရှင်ကပြောသည်။
ရခိုင်ကျောက်ပုဇွန်မှာသဘာဝမြစ်ချောင်းများ၏ရေအောက် ပေ ၂၀ ကျော် အနက်ရှိ ကျောက်ဆောင်များ အကြားမှာ နေထိုင်လေ့ရှိပြီး၊ အရှည် ၃၆လက်မ ၊လုံးပတ် ၂၄လက်မထိရှည်လျားကာ၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ကျောက်ပုဇွန်အများဆုံး ဖမ်းယူရရှိနိုင်သည်။ပုဇွန်သားပေါက်ကာလ ဇွန်လမှ စက်တင်္ဘာ လများအတွင်း ဖမ်းဆီးခြင်းမပြုရန် နိုင်ငံတော်အစိုးရက ငါးလုပ်ငန်းဥပဒေဖြင့်တားမြစ်ထားသည်။
“နိုင်ငံခြားဝင်ငွေ အများအပြားရှာပေးနေတဲ့ ကျောက်ပုဇွန်လုပ်ငန်း အောင်မြင်ဖို့ဆိုရင်၊ သဘာဝက ပေးတဲ့ ကျောက်ပုဇွန်ကိုချည်းပဲ အားမကိုးဘဲ နိုင်ငံတော်အနေနဲ့ မွေးမြုရေးလုပ်ငန်းပိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့လိုမယ်။ နည်းပညာရော၊ငွေကြေးစိုက်ထုတ်မှုပိုင်းမှာ ထိထိရောက်ရောက် ကူညီဖို့လိုပါမယ်။ သဘာဝသားပေါက်တွေကို ဆုံးရှုံးစေတဲ့ ကမ်းဝေးငါးဖမ်းသင်္ဘောတွေ ကမ်းနီးဝင်ဆွဲတဲ့ လုပ်ရပ်တွေပပျောက်သွားအောင် လုပ်ဖို့လိုပါမယ်” ဟု လုပ်ငန်းရှင် ဦးကျော်ညွန့်က ကျောက်ပုဇွန်လုပ်ငန်း၏ အနာဂတ်တိုးတက် အောင်မြင်ရေး အတွက် ရှေးရှုပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် ကျောက်ပုဇွန်လုပ်ငန်းကို ၁၉၉၀ ကျော်ကာလမှ စတင်လုပ်ကိုင်ခဲ့ကြပြီး၊ယခုအခါ ကျောက်ပုဇွန်လုပ်ငန်းရှင် ၃၀ ခန့်ရှိနေပြီး၊ ကျောက်ပုဇွန်ဖမ်းရေလုပ်သားမှာ ရာနှင့်ချီလျက် လုပ်ကိုင်လျက်ရှိ ကြောင်းသိရသည်။