ရခိုင့်အသံ။ Jan 27, 2013
ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးဆရာတော်များ ပထမအကြိမ် ပညာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ၊ ဘိုကလေးကျေးရွာ၊ ဓမ္မသုခပရိယတ္တိစာင်သင်တိုက်၌ ဇန်နဝါရီလ ၂၆ ရက်နေ့က ကျင်းပခဲ့ပြီး အစည်းအဝေးမှ ရခိုင်ပြည်နယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖွံ့ဖြိုးတိုးတက်ရေး အသင်းကြီးကို ဖွဲ့စည်းခဲ့သည်။
“ရခိုင်ပြည်နယ်မှာ မထင်မရှား၊ လူမသိသေးတဲ့ (ဘ-က) ကျောင်းတွေရှိနေတယ်၊ ဒီကျောင်းတွေကို လူတွေသိလာဖို့ ဘကကျောင်းတွေကို ပညာရေးဌာန အပါအဝင် ဘယ်အစိုးရအဖွဲ့အစည်းကမျှ ထောက်ပံ့ပေးထားတာမဟုတ်ဘူး၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အနာဂတ်မျိုးဆက်သစ်တွေအတွက် ကြိုးပမ်းနေတာဖြစ်တယ်။ ဒီလိုဆင်းရဲနွမ်းပါး ရုန်းကန်လှုပ်ရှားနေရတဲ့ဘ-က ကျောင်းတွေ အချင်းချင်းဖေးမကူညီပေးနိုင်ဖို့၊ နောက်ပြီး ဘ- ကျောင်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံတကာ ပညာရေးဆိုင်ရာ နည်းနာတွေနဲ့ ပေါင်းစပ်ပြီး ရခိုင်က (ဘ- က) ကျောင်းတွေ အရည်အသွေးပိုမို မြင့်မားလာစေဖို့ ရည်ရွယ်ချက်နှင့် ရခိုင်ပြည်နယ် ဘ-က ပညာရေးကျောင်းဖွံ့ဖြိုးတိုးတက်ရေးအသင်းကြီးကို ဖွဲ့စည်းခဲ့တာဖြစ်တယ်” ဟု အသင်း၏ အတွင်းရေးမှူးအရှင် အရိယဝံသ(မေတ္တာစမ်းရိပ်)မှ မိန့်ကြားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ၁၅ မြို့နယ်မှ ဘ-က ကျောင်းအုပ်ဆရာတော် ၂၈ ပါးတက်ရောက်ခဲ့ပြီး တစ်နှစ် တစ်ကြိမ် ပြာသိုလပြည့်နေ့တိုင်း ပြည်နယ် ဘ-က ဖွံ့ဖြိုးတိုးတက်ရေးအသင်း အစည်းအဝေးကို နှစ်စဉ်ကျင်းပရန်၊ မြို့နယ် ဘ-က ကျောင်းများသို့ လမ်းညွှန်ပေးရန်၊ ၂၀၁၄ ခုနှစ် မောင်တော (၃)မိုင်၊ ဘ-က ကျောင်း၌ ဒုတိယအကြိမ် အစည်းအဝေးတွင် အသင်းရန်ပုံငွေ အတွက် ငွေပဒေသာပင် စိုက်ထူရန်၊ ပြည်နယ် ဘ-က ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ရန်ပုံငွေ ရရှိနိုင်ရန် ပြည်တွင်း၊ ပြည်ပ အလှူရှင်များထံမှ ရန်ပုံငွေရှာဖွေရန်၊ ရန်ပုံငွေ အခြေအနေအပေါ်မှာ မူတည်ပြီး အသင်းဝင်ကျောင်းအားလုံးကို မဲစနစ်ဖြင့် ခွဲဝေလှူဒါန်းရန်၊ ရခိုင်ပြည်နယ် ဘ-က ဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ စည်းကမ်း၊ စဉ်းမျဉ်း အခြေခံမူဝါဒများကို ရေးဆွဲရန် စသည့် ဆုံးဖြတ်ချက်များကို အစည်းအဝေးက ချမှတ်ခဲ့ကြသည်။
သြဂုတ်လနှင့် ဒီဇင်ဘာလကဗြိတိန်သံရုံး၏ ထောက်ပံ့မှုဖြင့် ပျိုးပင် projet မှ စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်၌ ဆရာတော်ကြီးများ ဆွေးနွေးပွဲ နှစ်ကြိမ်ပြုလုပ်ခြင်းကို အခြေခံကာ ရခိုင်ပြည်လုံးဆိုင်ရာဘ-ကဆရာတော်များ ပထမအကြိမ်တွေ့ဆုံဆွေးနွေးပွဲကိုကျင်းပခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးမှ အနာဂတ်ရခိုင်ပြည်၏ ဘ-ကပညာရေးလမ်းကြောင်းသစ်ကို ဖော်ဆောင်မည့် ပညာရေး နည်းဗျူဟာသစ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။
“ယခင်က ဘ-က ကျောင်းတွေဟာ စည်းကမ်းကိုအဓိကထားပြီး ဆရာကိုအခြေပြုထားတယ်။ ဘုန်းကြီးတွေက ကြိမ်လုံးကိုင်ပြီး ကလေးတွေကို ဘောင်ခတ်သင်ကြားတာဟာ သူတို့တွေရဲ့အရည်အသွေးကို ကန့်သတ်သလိုဖြစ်နေတယ်။ ဒါကြောင့် ကလေးဗဟိုပြုစနစ်နဲ့သွားရမှာဖြစ်ပြီးတော့ သူတို့လေးတွေရဲ့ ဆင်ခြင်အသိနဲ့ ထိုးထွင်း စဉ်းစားသိမြင်မှု(Critical Thinking)ကို အလေးထားသင်ကြားဖို့ဆွေးနွေးလာကြတာပါ”ဟုအရှင်အရိယဝံသက မိန့်ကြားသည်။
အစည်းအဝေးကျင်းပနေစဉ် ၁နာရီမိနစ်၅၀ အချိန်တွင် ကျိန္တလီမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူ ဦးမျိုးသန်းထိုက်မှ အခမ်းအနားအစီအစဉ်တွင် “ညီလာခံ” ဟူသောဝေါဟာရကို မသုံးရန် တားမြစ်ခြင်းကြောင်း “တွေ့ဆုံဆွေးနွေး အဖြေရှာရေး” ဟူသော စကားလုံးသာပြောင်းလဲ အသုံးပြုလုပ်လိုက်ရပြီစး SB နှင့် သတင်းတပ်ဖွဲ့ဝင်များမှာလည်း အစီရင်ခံစာတွင် ယခင်က ညီလာခံ ဟုအသုံးပြုထားခြင်းကို ထပ်မံပြောင်းလဲ ပြင်ဆင်လိုက်ရကြောင်းသိရသည်။
ရခိုင်ပြည်နယ်တွင် ဘုန်းတော်ကြီးသင် ပညာရေးစနစ်ကို ၁၉၉၃ ခုနှစ်က စတင်ခဲ့သော်လည်း ပြည်နယ်ကြီးကြပ်ရေးအဖွဲ့၏ ပူးပေါင်းပါဝင်မှုနှင့် လမ်းညွှန်ချက်များ အားနည်းခြင်းကြောင့် ရခိုင်ပြည်လုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အုပ်ဆရာတော်များ တွေ့ဆုံဆွေးနွေးပွဲကို ယခုနှစ်မှသာ ပထမအကြိမ်အဖြစ် ကျင်းပနိုင်ခြင်းဖြစ်သည်ဟု စစ်တွေမြို့ ရွှေစေတီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် အရှင် အရိယဝံသ (မေတ္တာစမ်းရိပ်)မှမိန့်ကြားသည်။
မြန်မာနိုင်ငံ၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ၁၉၉၃ ခုနှစ်က ဖွင့်လှစ်ရန် နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများမှ မိန့်ကြားခဲ့ရာ ရခိုင်ပြည်နယ်တွင် တစ်မြို့နယ်လျှက် ကျောင်း (၅) ကျောင်းကျစီဖွင့်ခွင့်ရခဲ့ရာ အဆိုပါနှစ်က (ဘ-က) ကျောင်း ၁၈၀ ကျော်ရှိခဲ့သည်။ ကူညီထောက်ပံ့ပေးမှုအားနည်းချက်ကြောင့် ကျောင်းများလျှော့ကျခဲ့ရာ လက်ရှိတွင် ရခိုင်ပြည်နယ်တွင် (ဘ-က)ကျောင်းပေါင်း ၈၀ ကျော်သာရှိပြီး ဆရာ၊ ဆရမ ၄၀၀ကျော်နှင့် ကျောင်းသားဦးရေ (၁၀၅၀၀) ကျော်ရှိကြောင်း သိရသည်။