“ကုန်ရာသီတပို့တွဲ၊ ရထားပွဲနွှဲကပ်မေ”ရခိုင်သီခြင်းနှင့်အညီ နှစ်စဉ် တပို့တွဲလသို့ရောက်လေတိုင်း ကျင်းပမြဲ ဖြစ်သော ရခိုင်ရိုးရာ ရထားဆွဲပွဲကို ဖေဖော်ဝါရီလ(၂၃) ရက်နေ့က စစ်တွေတွင် ပဉ္စမအကြိမ် ကျင်းပရာ ရထား ဆွဲပွဲ၌ မြို့ပေါ်ရပ်ကွက် သုံးဆယ်ကျော် အနက် ရပ်ကွက်(၁၈)ခု သာလျင် ဝင်ရောက်ယှဉ်ပြိုင်ကြသဖြင့် ပါဝင်သူ ထက်ဝက်ခန့် ကျဆင်း သွားကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းပြဿနာများဖြစ်ပွားခဲ့သော်လည်း လက်ရှိအနေအထားမှာ တည်ငြိမ်မှုများရရှိသောအနေ အထားသို့ရောက်ရှိနေပြီဖြစ်၍ ရထားပွဲတော်ကို ကျင်းပရန် စီစဉ်ခြင်းဖြစ်သည်ဟု စစ်တွေမြို့ ဝင်္ကပါကွင်းတွင် ကျင်းပလျက်ရှိသော ရထားဆွဲပွဲသို့ တက်ရောက်လာသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်က ပြောသည်။
“ဒီနှစ်ရထားပွဲမှာ ရပ်ကွက်တွေအားလုံးစုံစုံညီညီပါမလာဘူး။ ပြည်နယ်အစိုးရက ရခိုင်ပြည်အေးချမ်းမှုရှိတာကို သက်သေပြရုံလုပ်ခွင့်ပြုလိုက်တဲ့သဘောပဲထင်တယ်။ ရပ်ကွက်စုံမဖိတ်တော့ပဲ အကျဉ်းရုံးလုပ်ထားတာတွေ့ရ တယ်။ အေးချမ်းမှုရှိပေမယ့် နှစ်တိုင်းလို မစည်တော့ဘူးပေါ့” ဟု ရထားပွဲသွားကြည့်သည့် စစ်တွေ စာရေးဆရာတစ်ဦးကပြောသည်။
ယခုနှစ်ရထားဆွဲပွဲ၏ထူးခြားချက်မှာအရက်သေစာရောင်းချခြင်းကိုလုံးဝတားမြစ်ထားပြီး၊ အရက်ကြော်ငြာများ ကိုလည်း မတွေ့ရတော့ကြောင်း ဒေသခံများကဆိုသည်။
ရထားဆွဲပွဲ၌ သံချပ်အဖွဲ့အမှတ်ပေးဒိုင်လူကြီးတစ်ဦးဖြစ်သူ စာရေးဆရာ ဗဂျီးကျော်က”ဒီနှစ်ပွဲမှာအရက် ကြော်ငြာတွေ မထည့်တဲ့အတွက် ပွဲဟာ သန့်ရှင်းလှပတဲ့ ပွဲတစ်ခုဖြစ်ပြီး ရခိုင်ရိုးရာပွဲ ပီသသွားတယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
ယခုနှစ် စစ်တွေရခိုင်ရိုးရာရထားဆွဲပွဲကို ဖေဖော်ဝါရီ ၂၃ မှ ၂၅ ထိ သုံးရက်တိုင်တိုင်ကျင်းပခဲ့ပြီး၊ စစ်တွေ၌ ညမထွက်ရအမိန့်ကို ည(၁၀)နာရီမှ မနက် (၄)နာရီထိ ထုတ်ပြန်ထားသဖြင့် ရထားဆွဲပွဲကို ည၁၀နာရီ မထိုးမီ ရုတ်သိမ်းကြရသည်။
ရခိုင်ရိုးရာရထားဆွဲပွဲသည် နက္ခတ္တာရာများကို ပူဇော်သောပွဲတစ်ခုဖြစ်သည့်အပြင် ဒေသတွင်တည်ငြိမ်အေးချမ်း
ရေးနှင့် အစာရေစာ၊ စပါးဆန်ရေ တိုးပွားရေးတို့အတွက် ရည်ရွယ်၍ကျင်းပပြုလုပ်သောပွဲဖြစ်ပြီး၊ ရခိုင်လူမျိုးများ၏ ယုံကြည်မှုနှင့်ဆိုင်သော ပွဲတော်တစ်ရပ် ဖြစ်သကဲ့သို့ ရိုးရာပွဲတော် တစ်ခုလည်း ဖြစ်ရာ ရှေ့အစဉ်လာအများလည်း ရှိခဲ့ကြောင်းသိရသည်။
ရထားတွင် ဝါးပင်၊ ဝါးခက်များ ကိုလည်းစိုက်ထူထားလေ့ရှိပြီး အလယ်တွင် ရထားထိမ်းပေးသည့်အဖွဲ့ ရထားအား သစ်သားဘီများ တပ်ဆင်လျှက် တစ်ဘက်စီတွင် ကြီးမားတုတ်ခိုင်သော ကြိုးရှည်ကြီး နှစ်ပင်တို့ကိုလည်း ရထားဆွဲရာ၌ အဆိုပါကြိုးနှစ်ပင်ကို တစ်ဘက်ရွာ(သို့မဟုတ်ရပ်ကွက်) နှင့်တစ်ဘက်ရွာ အပြန်အလှန်ဆွဲကြရင်း အနိုင်အရှုံးများကို ဒိုင်လူကြီးများမှ အဆုံးအဖြတ်ပေးရသည့် ရခိုင်ရိုးရာ လူထု အားကစား နည်းတစ်ရပ်ဖြစ်ကြောင်းသိရသည်။
မြတ်နိုးသာ
Feb 26, 2013