ရခိုင့်အသံ။ Feb 22, 2013
ရခိုင်ပြည်နယ် မြို့နယ်(၁၇)မြို့နယ်မှ ရခိုင်ကဗျာဆရာများ စုစည်းရေးဖွဲ့ထားသည့် အမျိုးသားဇာတိမာန် ကဗျာစာအုပ်တစ်အုပ်ကို ထုတ်ဝေလိုက်ပြီးဖြစ်ကြောင်း ကဗျာစာအုပ်ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူတစ်ဦးက Independent Journal ကိုပြောကြားလိုက်သည်။
ရခိုင်ကဗျာစာအုပ်၏ အမည်မှာ “ရိုးမရေရိပ်ကဗျာစာစု” ဖြစ်ပြီး၊ အမျိုးဘာသာ၊ သာသနာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုရေးရာ အဖြာဖြာတို့ကို ထင်ဟပ်ပေါ်လွင်စေလိုပြီး၊ အနာဂတ်၏ ရခိုင်မျိုးဆက်သစ် လူငယ်များသို့ လက်ဆက်ကမ်း ရည်ညွှန်းလိုသည့် ရည်ရွယ်ချက်ဖြင့် ရခိုင်တစ်ပြည်နယ်လုံးမှ ရခိုင်ကဗျာဆရာများ စုစည်းရေးဖွဲ့ထုတ်ဝေခြင်းဖြစ်ကြောင်း ဦးဆောင်စီစဉ်သူ ကဗျာဆရာ ကိုယ်ရမ္မာ က ဆိုသည်။
“ဒီကဗျာစာစုကို ထုတ်ချင်နေတာ ကုန်ခဲ့တဲ့ ၁၃ နှစ်လောက်ကတည်းကဖြစ်တယ်။ ဘာလို့ကြန့်ကြာနေရသလဲ ဆိုတော့ ယခင် စာပေစီစစ်ရေးရဲ့ ဖြုတ်ထုတ်ဖြတ်မူကြောင့်ဖြစ်တယ်။အခုကတော့ အတိုင်းအတာ တစ်ခုထိပွင့်လင်းမြင်သာမှုရှိလာတာရယ်၊ နောက်တစ်ချက်က ဖြစ်ပျက်ခဲ့တဲ့ ရခိုင်ဒေသ အရေးအခင်းနဲ့ ပတ်သက်လို့ ရခိုင်ပြည်သူလူထုကို တပ်လှန့်နှိုးဆော်ရမယ့် တာဝန်ဟာ ကဗျာရေးသူတွေအနေနဲ့လည်း မဖြစ်မနေ ဆောင်ရွက်ရမယ့် သမိုင်းပေးတာဝန် တစ်ရပ်ဖြစ်လို့ပါပဲ” ဟု ဆရာ ကိုယ်ရမ္မာက ပြောသည်။
ကဗျာစာအုပ်ကို ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်ရှိ “စန္ဒာဝင်းပုံနှိပ်တိုက်”တွင် ပုံနှိပ်ပြီး၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းရှိ “သင်းစာပေ” မှ ထုတ်ဝေလျက်၊ ရမ်းဗြဲမြို့ “တန်းချောင်းစာပေအင်အားစု” က လာမည့်မတ်လ ပထမအပတ်အတွင်း စတင်ဖြန့်ချိသွားမည်ဟုသိရသည်။
“ကျနော့်စာရေးသက်တမ်းတလျှောက် ရခိုင်ပြည်နယ်မှာ ဒီလောက်များပြားတဲ့ ရခိုင်ကဗျာဆရာတွေ စုစည်း ထုတ်ဝေတာ ဒါပထမဆုံးအကြိမ်ပါပဲ။ စာစုထဲပါတဲ့ ရခိုင်ကဗျာတွေက ရခိုင်ရိုးမရဲ့အရိပ်မှာမှီခိုနေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ဘဝပုံရိပ်တွေကို မီးမောင်းထိုးပြထားကြသလို၊ သမိုင်းနဲ့ချီ သယ်ဆောင်လာခဲ့တဲ့ရခိုင်တို့ရဲ့ အမျိုးသားရေးဇာတိမာန်တွေကို ကဗျာပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ရေးဖွဲ့ထားတာတွေ့ရတယ်။ သမိုင်းတစ်ခေတ်ကို လင်းလက်တောက်ပစေမယ့်ရခိုင်ကဗျာဆရာတွေရဲ့အနုပညာလက်ရာကောင်းဖြစ်ပါတယ်”ဟု ရခိုင်စာရေးဆရာ မောင်လှိုင်(လမု)က မှတ်ချက်ပြုသည်။
ရိုးမရေရိပ် ကဗျာစာအုပ်တွင် ရခိုင်ကဗျာဆရာ (၄၀)တို့က ကဗျာပုဒ်ရေ (၅၂)ပုဒ် ရေးဖွဲ့ထားကြပြီး၊ ကဗျာအားလုံးမှာ အမျိုးသားရေးညီညွတ်ရေး တပ်လှန့်သံ ကဗျာများဖြစ်ကြသလို၊ ကဗျာဖတ်သူ၏ နှလုံးသားကို ဆွဲဆုပ်ကိုင်လှုပ်ရှားစေသည့် သမိုင်းတွင်ကျန်ရစ်မည့် ဂန္ထဝင်ကဗျာစာပေအဖြစ် ရခိုင်ကဗျာဆရာများကြားတွင် ဝေဖန်ပြောဆိုနေကြကြောင်းသိရသည်။