Headlines

အမ်းမြို့နယ်တပ်တောင်၌ ဆက်သွယ်ရေးမှ ချပေးထားသော GSM ဖုန်းများသုံးမရ ဟုဆို

ရခိုင့်အသံ။ Feb 19, 2013

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်၊တပ်တောင်ဒေသတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချပေးထားသော GSM လက်ကိုင်ဖုန်းများ သုံးမရဖြစ်နေကြောင်း ဒေသခံများကဆိုသည်။

“ကျနော်တို့ဒေသမှာ ဆက်သွယ်ရေးကချပေးထားတဲ့ GSM Sim Card လက်ကိုင်ဖုန်း (၁၇၇၉)လုံး ရှိပါတယ်။ စတင်ချပေးတဲ့နှစ်ကနေ ဒီနေ့အထိ တခါမှသုံးလို့မရသေးဘူး။ ပိုက်ဆံတွေအများကြီးပေးပြီးဝယ်ထားရတာ အလကားဖြစ်နေတယ်”ဟု တပ်တောင် ရွာ မှစီးပွားရေးလုပ်ငန်းရှင် တစ်ဦးကဆိုသည်။

အမ်းမြို့နယ်အတွင်းရှိ အခြားနေရာများတွင် GSM နှင့် CDMA နှစ်မျိုးလုံးရရှိနေသော်လည်း တပ်တောင် တိုက်နယ်နှင့်ဝန်းကျင်တဝိုက်တွင် CDMAတစ်မျိုးတည်းသာ အသုံးပြု၍ ရသဖြင့် GSM လက်ဝယ်ရှိသူများမှာ အကြီးအကျယ် စိတ်ပျက်နေကြသည်။

“ ကျနော် ရန်ကုန်ကနေ ဒီကိုတာဝန်နဲ့လာတော့ သုံးနေကျ GSM ပဲယူလာခဲ့မိတယ်။ ဒီရောက်တော့သုံးမရဘူး။ ပိုဆိုးတာကတာဝန်နဲ့ သွားနေရချိန်မှာ ဌာနကို အရေးပေါ်သတင်းပို့မယ်ဆိုရင် အခက်ကြုံရတယ်။ ဒီအခက်အခဲ တွေကို အမြန်ဖြေရှင်းပေးစေချင်တယ်” ဟု တပ်တောင်ရဲစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

၁၀၁၁/၁၂ခုနှစ်မှစ၍ အဆိုပါဒေသအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ်နှစ်သိန်းတန် GSM Sim Card များကိုရောင်းချပေးခဲ့ပြီး၊ ဆက်သွယ်ရေးတာဝါတိုင်ကို တပ်ဆင်ပေးခဲ့သော်လည်း ဒေသခံများအနေဖြင့် ခေါ်ဆို၍မရဖြစ်လျက်ရှိသည်။

အမ်းမြို့မှ (၁၀) မိုင်ခန့် အကွာတွင်ရှိသော “တပ်တောင်ရွာ”မှာအိမ်ခြေ နှစ်ထောင်ဝန်းကျင်ရှိပြီး၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ စသည့်မြို့နယ်သုံးခု၏ ဆုံမှတ်ဖြစ်သလို၊ ကုန်းလမ်း ၊ရေလမ်း သွားလာရန် လွယ်ကူသည့် စီးပွားရေး အချက် အခြာကျရာ ရွာကြီးတစ်ရွာဖြစ်သည်။

တပ်တောင်ဒေသနည်းတူ ရခိုင်ပြည်နယ် ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ ကျောက်ဖြူမြို့နယ် တို့၌လည်း နေရာအချို့တွင် ဂျီအက်စ်အင်ဖုန်းများ လုံး၀ သုံးမရဖြစ်နေကြောင်း သိရှိရသည်။