Headlines

ပိုက်လိုက် သွယ်တန်းမှုကြောင့် ဆည်ဘောင်များ ပျက်စီးကာ စိုက်ပျိုးမြေဧက ၇၀၀ကျော် ဆားငန်ရေလွှမ်းမိုးသွား။ စပါးမစိုက်ပျိုးခဲ့ရသော်လည်း နစ်နာကြေးမရရှိ

ရခိုင့်အသံ။ Feb 8, 2013
မြန်မာ- တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်ခြင်းကြောင့်ကျောက်ဖြူမြို့နယ်၊ ဂြင်ကြီးအုပ်စု ကပိုင်ချောင်းကျေးရွာအနီးရှိ လက်ခွါဒွေဆည် တာဘောင်များကျိုးပျက်သွားပြီး လယ်သမား ၁၆၁ ဦးလုပ်ကိုင်နေသောစပါးစိုက်ပျိုးမြေဧက ၇၀၀ မှာဆားငန်ရေလွှမ်းမိုးသွားခဲ့သော်လည်း နစ်နာကြေးမရရှိဟု သိရသည်။

“ကျနော်တို့ ငယ်ငယ်တုန်းကပင်လုပ်စားလာခဲ့တဲ့ ကာရီက ကြားကာလမှာတစ်ခါ ပျက်ခဲ့ဖူးတယ်၊ ပျက်သွားတော့ အပေါ်ကာရီနှင့် အောက်ကာရီဆိုပြီးတစ်နှစ်လောက်ခွဲပြီးလုပ်စားခဲ့တယ်၊ နောက်တစ်နှစ်မှာ ပြန်ပေါင်းပြီးလုပ်စားလာခဲ့တယ်၊ ကြားဆည်ဘောင်လည်းမရှိတော့ဘူး၊ အဂုကာရီးပေါက်သွားတော့ အပေါ်ကာရီက ၆၁ ဦးသာ ပိုက်လိုင်းမှာ ပါသွားတဲ့ မြေတွေအတွက် နစ်နာကြေးရတယ်၊ စပါးမစိုက်ပျိုးလိုက်ရတဲ့အတွက် နစ်နာကြေးမရကြဘူး၊ နစ်နာကြေးရတဲ့ ငွေနဲ့ ပြန်ပြီး ဆည်တာကုန်သွားပြီ ၊ ကာရီကအကောင်းဖြစ်မလာဘူး၊ ကျနော်တို့ကတောင်းဆိုတော့ စီမံကိန်းက အပေါက်တွေကိုပိတ်ပေးတယ်၊ ဒါပေမယ့်အကောင်းမဖြစ်ဘူး၊ သူတို့ပိတ်ပေးတာလည်းရေနစ်နေတော့ သူတို့ပိတ်လုံးတွေ တပ်ဆင်လို့မရလို့ ပိတ်ပေးတာမျိုးပါ”ဟုလယ်သမားကြီးဦးအောင်ကျော်ထွန်းကပြောသည်။

လက်ရှိတွင်အိန္ဒိယနိုင်ငံ(PunjLioyd) ကုမ္ပဏီမှလက်ခွါဒွေဆည် ရေတံခါးတပ်ရန်အတွက် ဘိလပ်မြေအိပ် (၂၀၀) နှင့် ငွေ(၅) သိန်းထုတ်ပေးထားပြီးရေတံခါ ပြုပြင်ရန် လိုအပ်သောသဲ၊ ကျောက်များကို ဆည်သမားများလုပ်အားဖြင့် စုဆောင်းနေရပြီးမလိုက်နိုင်သောလယ်သမားတစ်ဦးအားတနေ့လျှင် ဒဏ်ငွေ (၅၀၀၀) ကျစီပေးဆောင်နေရကြောင်း၊ ယခင်ကအဆိုပါ ရေတံခါးတစ်ခုအတွက် ကုန်ကျငွေမှာကာလ တန်ဖို့အားဖြင့် သိန်း (၂၀၀) ခန့်ရှိကြောင်းလယ်သမားများပြောပြချက်အရသိရသည်။

ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူး ဦးရန်လင်းအောင်က လက်ခွါဒွေဆည်တွင် အပေါ်ဆည်နှင့် အောက်ဆည်ဟူ၍ နှစ်မျိုးရှိကြောင်း၊ အပေါ်ဆည်ကသာပိုက်လိုင်းဖြတ်ရာလမ်းကြောင်းပေါ်မှာရှိနေ၍ စီစစ်ရေးကော်မတီ၏ စစ်ဆေးဆုံးဖြတ်ချက်အရ သက်ဆိုင်သည့်လယ်သမားများအားလျော်ကြေးပေးပြီး ဖြစ်ကြောင်းပြောသည်။

မြန်မာနိုင်ငံကျောက်ဖြူမြို့မှ တရုတ်နိုင်ငံကူမင်းသို့ သွယ်တန်းသောရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကိုအိန္ဒိယနိုင်ငံ (PunjLioyd) ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျှက်ရှိရာလက်ခွါဒွေဆည်မှ ပိုက်လိုင်းဖြတ်သန်းသွယ်တန်းခြင်းကို ၂၀၁၁ မှစတင်ခဲ့ရာ ဆည်ဘောင်များကျိုးပေါက်ကာ ဆည်တွင်းသို့ ဆားငန်ရေများ ဝင်ရောက်သဖြင့် အဆိုပါနှစ်က စပါးရိပ်သိမ်းချိန်တွင် ရာနှုန်းပြည့် စပါးမရရှိဘဲ စပါးအထွက်နှုန်းလျှော့ကျ သွားပြီး ၂၀၁၂ စပါးစိုက်ပျိုးချိန်တွင် လုံး၀ စပါးမစိုက်ပျိုးခဲ့ရကြောင်း သိရသည်။
လယ်သမားများလျော်ကြေးငွေများရရှိရေးအတွက် ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူထံလက်မှတ် ရေးထိုးတိုင်ကြားခဲ့သည်မှာ ၂၀၁၁ခုနှစ် ဒီဇင်ဘာလမှယနေ့အထိ ၄ကြိမ်ရှိပြီးဖြစ်ကြောင်း၊ စိုက်ပျိုးနိုင်ခြင်းမရှိ၍တနှစ်တာပျက်စီးမှုအတွက် လျော်ကြေးငွေများရရှိလိုသည့်အပြင်ဆည်၏တာတမံများ ပြန် လည်တည်ဆောက်ပေးစေလိုကြောင်းကိုနစ်နာကြေးငွေရရှိရေး ကူညီဆောင်ရွက်ပေးနေသူ ကပိုင်ချောင်းရွာ မှ RNDP အဖွဲ့ဝင် ဦးမောင်လှကပြောသည်။

ကပိုင်ချောင်းဆည်အပေါ်ပိုင်းလျော်ကြေးရလယ်သမားငါးဦး၏ လျော်ကြေးငွေများမှ မြေတိုင်းဌာန ဝန်ထမ်း တချို့ ငွေဖြတ်ယူမှုနှင့်ပတ်သက်၍ နစ်နာသူများက ၂၀၁၂ ဇွန်လတွင် ကျောက်ဖြူမြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ကြရာမေလတွင် အမှုပလပ်ခံခဲ့ရပြီးကျောက်ဖြူ ခရိုင်တရားရုံးသို့ဆက်လက် တင်ပြရာတွင်လည်းပလပ်ခံခဲ့ရသည့်အပြင် ကျောက်ဖြူမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်ကပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် မေးမြန်းခဲ့ရာလွှတ်တော်မှ ပယ်ချခြင်းကိုခံခဲ့ရကြောင်းသိရသည်။
လက်ခွါဒွေဆည်ဘောင်များအားလုံးကို ပြန်လည်ဆည်ဖို့ပေးရန်နှင့် ဒီရေတောပျက်စီးမှုကြောင့် ရေလှိုင်များ ဝင်ရောက်တိုက်ခတ်မှုကို တားဆီးကာကွယ်ပေးရန်၊ ဒေသဖွံ့ဖြိုးရေနှင့် ပတ်သက်၍ စာသင်ကျောင်း၊ ဆေးခန်း၊ သောက်ရေကန်၊ လျှပ်စစ်မီးတို့ကိုဆောင်ရွက်ပေးရန်၊ ပိုက်လိုင်းသွယ်တန်းမှုကြောင့် နစ်နာဆုံးရှုံးမှုကို ရင်ဆိုင်နေရသော အခြားနစ်နာသူများကိုလည်း သတ်မှတ်ချိန်အတွင်း ပြန်လည်ဖြည့်ဆည်းပေးရန် ဒေသဖွံ့ဖြိုးရေးကော်မတီအနေဖြင့် တောင်းဆိုချက်များအားPunjLioydကုမ္ပဏီသို့ ဦးတည်တောင်းဆိုထားပြီး၊ နိုင်ငံတော်သမ္မတရုံနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့လည်းပေးပို့သွားမည်ဟုသိရသည်။
ကပိုင်ချောင်းဆည်မှာကျောက်ဖြူမြို့အရှေ့ဘက် ရှစ် မိုင်အကွာကပိုင်ချောင်းရွာအနီးတွင်တည်ရှိပြီးမင်းချောင်း၊ဂြင်းကြီး၊ပန်းတောပြင်ကျေးရွာအုပ်စုသုံးစုရှိကျေးရွာပေါင်း ၁၁ရွာ မှ လယ်သမား ၁၆၁ဦးတို့က ၁၉၈၅ ခုနှစ်တွင်စတင်ဆည်ဖို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါကျေးရွာအုပ်စုများမှာမဒဲကျွန်းနှင့်အမ်းမြို့နယ်ကြား မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခုသွယ်တန်းရာလမ်းကြောင်းပေါ်၌ တည်ရှိနေပြီး၊ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းကိုအိန္ဒိယကုမ္ပဏီ ((Punj Lloyd PTE Co.,Ltd)မှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်သည်။

ရခိုင်မှ တရုတ်သို့ သွယ်တန်းမည့် ပိုက်လိုင်းမှာစုစုပေါင်း ၇၉၂.၅ ကီလိုမီတာရှည်လျားမည်ဖြစ်ပြီးရခိုင်ပြည်နယ် အတွင်း ၁၃၄.၅ ကီလိုမီတာ၊ မကွေးတိုင်းတွင်း ၁၅၀.၉ ကီလိုမီတာ၊ မန္တလေးတိုင်းတွင်း ၂၃၈.၆ ကီလိုမီတာနှင့် ရှမ်းပြည်နယ်တွင်း ၂၆၈.၅ ကီလိုမီတာရှည်လျားကြောင်းသိရသည်။