Headlines

ရခိုင်ကမ်းရိုးတမ်း ကဏန်းပျော့လုပ်ငန်းအောင်မြင်မှုရှိသော်လည်းလုပ်ကိုင်သူနည်းပါး

ရခိုင့်အသံ။ Feb 2, 2013
ရခိုင်ပြည်နယ်၏အဓိကလုပ်ငန်းဖြစ်သော ရေလုပ်ငန်းတစ်ခုဖြစ်သည့် ကဏန်းပျော့လုပ်ငန်းမှာ အောင်မြင် သော်လည်းအရင်းအနှီးအခက်အခဲကြောင့် ဒေသခံများလုပ်ကိုင်သူ နည်းနေပါးသေးကြောင်း ကျောက်ဖြူမြို့ နယ်မှ ကဏန်းပျော့ ကုမ္ပဏီ မန်နေဂျာတစ်ဦးက ဆိုသည်။

“ကဏန်းပျော့လုပ်ငန်းက အောင်မြင်မှုရှိပေမယ့်လုပ်ငန်းလိုအပ်ချက်တွေ များလေတော့ လူတိုင်း လုပ်ကိုင်နိုင်ခြင်း မရှိဖြစ်နေတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ကျမတို့ ရွှေကျောက်ဖြူကုမ္ပဏီ နဲ့ ရွှေငါးကုမ္ပဏီ နှစ်ခုပဲရှိသေးတယ်”ဟုရွှေကျောက်ဖြူကုမ္ပဏီလုပ်ငန်းမန်နေဂျာ ဒေါ်သီတာစိုးကပြောသည်။

ကဏန်းပျော့လုပ်ငန်း တစ်ခုအတွက် အနည်းဆုံး မြေ၁၀ဧကလိုအပ်ပြီး၊ ကဏန်းအမာကိုထားရှိ ရန် ပလပ်စတစ် ကဏန်းအိမ် တစ်လုံးကို၅၀၀ကျပ်နှုန်းဖြင့် အလုံးပေါင်းတစ်သိန်း အခြေခံလိုအပ်သလို၊ ကဏန်းအမာတစ်ကောင်ကို ၁၀၀ကျပ်နှုန်းဖြင့် ကောင်ရေ တစ်သိန်း အတွက်ငွေပမာဏအပြင်၊ အဆောက် အဦးများဆောက်လုပ်ခြင်း၊ ကဏန်းကန်များတူးဖော်ခြင်း၊ ကဏန်းစာများဝယ်ယူခြင်း၊ Compressor များနှင့် Freezer များဝယ်ယူခြင်းနှင့် အနည်းဆုံးခန့်ထားရမည့်ဝန်ထမ်း လေးဆယ် လစာအတွက်အရင်းအနှီး များ လိုအပ်သည်။

“ကဏန်းဖမ်းသမားတွေက ကျမတို့ဆီကို အမာတွေလာသွင်းတယ်။ ကျမတို့က ကဏန်းအိမ်တစ်လုံးမှာ တကောင်ကျ ထည့်ပြီးတော့ ရေငန်ကဏန်းမွေးကန်မှာထည့်ပြီးတော့ အစာ တနေ့တကြိမ်ပုံမှန်ကျွေးရသလို၊ ၂နာရီတကြိမ်ကျ အိမ်တွဲကိုရှေ့တိုးနောက်ဆုတ်လုပ်ပေးရတယ်။အဲဒီမှာ အရေခွံလှဲတဲ့ကဏန်းပျော့ကို တွေ့ရင်ပဲဆယ်ယူပြီး၊ရေချိုမှာထည့်ပြီးတော့ Compressor နဲ့ အောက်စီဂျင်ပေးရတယ်။ ရေငန်ဓာတ် သန့်စင်သွားတဲ့အခါ Freezer ထဲမှာထည့်ပြီးအအေးခံရတယ်။လိုအပ်တဲ့ကဏန်းအရေအတွက်ပြည့်တာနဲ့ ကျောက်ဖြူ အအေးခန်းစက်ရုံကိုပို့တယ်။ ကဏန်းပျော့လုပ်ငန်းက ဝန်ထမ်းများလေ ပိုကောင်းလေပါပဲ”ဟု ဒေါ်သီတာစိုးကပြောသည်။

ကျောက်ဖြူ၊အမ်း၊မင်းပြား၊မြေပုံ၊ရမ်းဗြဲ၊တောင်ကုတ်မြို့နယ်များမှကဏန်းဖမ်းသမားများက လာရောက်ရောင်းချ ကြောင်းသိရသည်။

ရခိုင်ပြည်နယ်မှ ကဏန်းအပျော့များကိုရန်ကုန်မြို့သို့ ၃တန်ဆန့်အအေးခန်းကားများဖြင့် သယ်ယူပြီး နိုင်သိင်္ဂ ီ ထရေးဒင်းကုမ္ပဏီလီမိတက် အအေးခန်းစက်ရုံတွင် ဂျပန်နိုင်ငံသို့ သင်္ဘောဖြင့်မပို့ဆောင်မီကာလအတွင်း ဆက်လက်သိမ်းဆည်းထားသည်။

ဂျပန်နိုင်ငံသို့တင်ပို့ရောင်းချခြင်းရှိသလို ပြည်တွင်း၌လည်း ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်၊ ဟိုတယ်နီကိုးလ် စသည့်ဟိုတယ် သုံးဆယ်ကျော်သို့ ဖြန့်ချီရောင်းချလျက်ရှိကြောင်း ရန်ကုန်ဖြန့်ချီရေးတာဝန်ခံ ကိုမောင်မောင် ကပြောသည်။

“လေယာဉ်နဲ့လည်းတင်ရင်လေယာဉ်စရိတ်ကကြီးလွန်းလို့၊ သင်္ဘောနဲ့ပဲသယ်ရတာဖြစ်တယ်။ ဂျပန်ထွက်မယ့် သင်္ဘောကလဲပဲ အနည်းဆုံးတလလောက်ကြာနေတော့ Export လုပ်ရတာအခက်ခဲတော့ ရှိတာပေါ့ဗျာ။ ပြည်တွင်းဈေးကွက်ကျတော့အခက်အခဲမရှိဘူး။ Sea Foodထဲမှာ ရခိုင်ကဏန်းပျော့ဟာ ဥရောပတိက်သားတွေ အကြိုက်ဆုံးပဲ။ကဏန်းတကောင်ပါတဲ့ ကဏန်းပျော့ပေါင်းတပွဲကို မြန်မာငွေ သုံးထောင်ကနေ ငါးထောင်ထိ ရောင်းပန်းလှနေတာပေါ့ဗျာ”ဟု ရန်ကုန်ကုန်ဈေးကွက်နှင့်ပတ်သက်၍ ရန်ကုန် ဖြန့်ချီရေး ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

ရန်ကုန်ဈေးကွက်တွင် တစ်ကီလိုဝင် ရှစ် ကောင်လျှင် ၈၀၀၀ကျပ် ၊တစ်ကီလိုဝင် ၁၂ကောင်လျှင် ၅၀၀၀ကျပ်အထိ ပေါက်ဈေးရှိနေသလို၊ဂျပန်နိုင်ငံ၏ဝယ်ယူအားကောင်းပြီးအမြတ်အစွန်းကောင်းသော်လည်း ဈေးနှုန်းအပြောင်း အလဲများ ရှိနေသည်ဟုလည်းသိရသည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၀၈ ခုနှစ်မှစတင်၍ ရွှေကျောက်ဖြူ ကဏန်းပျော့လုပ်ငန်းကို ကျောက်ဖြူမြို့နယ်၊ ချီကျွန်းတွင် စတင်လုပ်ကိုင်လျက်ရှိပြီး၊ ရွှေငါးကဏန်းပျော့ကုမ္ပဏီကမူ တရုတ်လူမျိုးဦးဆောင်လျက် ကျောက်ဖြူမြို့ငလပွေ့ချောင်းဖျား တောင်ရှည်ကျေးရွာအနီးတွင် တည်ဆောက်လုပ်ကိုင်လျက်ရှိသည်။

ကဏန်းပျော့လုပ်ငန်းအပြင် ကဏန်းအမာလုပ်ငန်းကို ၁၉၉၀ခုနှစ်မှစ၍ ရခိုင်ဒေသ၌ လုပ်ကိုင်လျက်ရှိရာ ရခိုင်တစ်ပြည်နယ်လုံးတွင်အများစုလုပ်ကိုင်လျက်ရှိနေပြီး ပြည်တွင်းဈေးကွက်ထက် တရုတ်နိုင်ငံသို့ တင်ပို့လျက် ရှိကြောင်းသိရသည်။