ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်းတည်ဆောက် နေသည်ကို သိရသဖြင့် ကျောက်ဖြူမြို့သို့ ရောက်တုန်းရောက်ခိုက် သွား၍လေ့လာချင်စိတ်က တဖွယ်ဖွပေါ်ပေါက်နေသည်။ ကျောက်ဖြူမြို့တွင်ရှိသော သန္တာမြေ ဘိုးဘွားရိပ်သာမှ ဆရာတော်၏ အကူအညီဖြင့် မြဒေးကျွန်ရှိ ပြိန်ချောင်ရွာသို့ ၂၀၁၂ ခု ၂ လပိုင်း ၁၄ ရက်နေ့က ရောက်သွားခဲ့သည်။
တောင်ကုန်းပေါ်တွင် တည်ထားသော ကျေးရွာကလေးများမှာ မလှပသော်လည်း ရေခံ၊ မြေခံကောင်းသောကြောင့် ခြံများတွင် စိုက်ပျိုးထားသည့် ကွမ်းသီးပင်၊ ပိန်နွဲပင်၊ သရက်ပင်များမှာ စိမ်းလန်းဝေဆာနေကြခြင့်ဖြင့် အရိပ်ကောင်းကာ အေးမြပြီး နေချင်စရာပင်ဖြစ်သည်။
ကလေးများ၏ စာဖတ်သံကြားလိုက်ရစဉ် ဝင်ကြည့်မည်ဟုဆိုကာ အသံလာရာသို့ တည်သွားခဲ့သည်။ “ဘယ်ကလူလဲကွ၊ လေးဂွနဲ့ပစ်” ဆိုသော ကလေးများအား အမျိုသားတစ်ဦးမှ ပြောလိုက်ရာ ကြောက်ရွံ့မှုဖြင့် “ကျမ ရခိုင်သူမပါ၊ ခလေးတွေ စာကျက်သံကြားလို့ ဝင်လာကြည့်တာပါ”ဟုပြောလိုက်တော့ “ကျနော်က တရုတ်တွေ လာတယ်ထင်တာပါ၊ တောင်းပန်ပါတယ်”ဟု ထိုအမျိုးသားပြောမှ စိတ်အေးသွားရသည်။
စပ်စုချင်သောစိတ်ဖြင့် “တရုတ်တွေကိုဘာကြောင့် လေးဂွနဲ့ ပစ်ချင်နေရတာလဲ” ဆိုပြီး မေးကြည့်လိုက်တော့ “တရုတ်တွေက ဒီကျွန်မှာ ရှိတဲ့မြေတွေကိုမတရားဝယ်ယူထားတော့ကုန်နေပြီး၊ မြစ်မှာဆိုလည်း သူတို့တွေရဲ့ လုပ်ကွက်ကြောင့် ငါးတွေ လွတ်လွတ်လပ်လပ် ဖမ်းမရတော့ဘူး၊ ဒါကြောင့် တရုတ်တွေကို ကြည့်မရတာပါ၊ ”။ ဟပြောတော့ ဒေသခံပြည်သူများ၏ ခံစားချက်ကို ပထမဦးဆုံးသိလိုက်ရသည်။
နိုင်ငံတကာ စီမံကိန်းအရ စီမံကိန်တစ်ခု လုပ်မည်ဆိုက ထိုဒေသရှိ ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေကို တည်ဆောက်ပြီးမှ စီမံကိန်းအား အကောင်အထည်ဖော်ရသည် ဟုသိရသည်။ သို့သော် မြဒေးကျွန် ရေနက်ဆိပ်ကမ်းစီမံကိန်သည်ကား ထိုသို့မဟုတ်၊ စီမံကိန်းအကြောင်းရင်းကိုလည်း ဒေသခံပြည်သူများမသိ၊ စီမံကိန်းကို မည်သူတွေက အကောင်အထည်ဖော်နေသည်။ စီမံကိန်းက ဘယ်သူတွေကို ကောင်းကျိုးပြုမည်၊ ဘယ်သူတွေကို ဆိုးကျိုးဖြစ်စေမည်ကို ဒေသခံပြည်သူများ နာမလည်ကြ။ မြဒေးကျွန်းတွင်ရှိသော ဒေသခံတွေမှာလည်း ဗဟုသုတ မပြည့်စုံလေတော့ စီမံကိန်းအကြောင်းရင်ကိုလည်း နားမလည်ကြ။
“ဒီစီမံကိန်းကြီးက ဒေသခံပြည်သူတွေကို ဘာမျှ လုပ်မပေးလေးဘူးလား” ဟုတွေးရင်း အိမ်အပေါ်ကိုလှမ်းကြည့်ပြီး ကလေးများ စာသင်သည့် နေရာသို့ ရောက်သွားခဲ့သည်၊ စုပ်ဗြဲနေသော ဗလာစာအုပ် ပေါ်တွင် ခဲတံတိုလေးဖြင့် ကြမ်းပြင်တွင် ဝမ်းလျှားမှောက်ကာစာရေးနေသော ကလေးများကို မြင်လိုက်ရသည်မှာ စိတ်မကောင်းဖြစ်မိသည်။ ဖွံ့ဖြိုးတိုးတက်နေသော မြို့ပေါ်မှ ကျူရှင်၊ စာသင်ဝိုင်းနှင့် ပြိန်ချောင်ရွာမှ ကျူရှင်၊ စာသင်ဝိုင်း မိုးနဲ့မြေလောက်ကွာခြာသည်။ သည်ဒေသက ကလေးများ အသိပညာ၊ ဗဟုသုတနှင့် မြို့ပေါ်ကလေးများ၏ ဗဟုသုတသည်ကားကွာခြားမည်မှာ သေချာပါသည်။
ကျူရှင်ဆရာမအားမေးကြည့်တော့ “ဒီခလေးတွေရဲ့မိသားစုတွေက အရမ်းဆင်းရဲတော့ စာအုပ်ကောင်းကောင်း ဝယ်မပေးနိုင်ဘူး” ဟုပြောလိုက်တော့ ပါလာသောအိပ်ထဲတွင်မွေနှောင့်ရှာကြည့်ရာ ငွေငါးထောင်ရရှိသခြင့် “ဆရာမ ဒီခလေးတွေကို ဒီပိုက်ဆံလေးနဲ့ စာအုပ် ရသလောက်ဝယ်ပေးပြီး အလှူလုပ်ပေးပါ” ဟုဆိုပြီး မဖြစ်စလောက် ငွေလေးအား ဆရာမကို မိမိ ထုတ်ပေးလိုက်မိသည်။
အိမ်ပေါ်မှ ပြန်ဆင်းလာရာ အိမ်ရှင် အမျိုးသားက “ဆရာမရယ် ဒီရွာက ခလေးတွေက ဘာဖြစ်ဖြစ် စာသင်ရသေးတယ်၊ ပန်းထိန်ဆည်ရွာက ခလေးတွေက စာမသင်ကြရပါဘူး” ဆိုသော ထိုအမျိုးသား၏ စိတ်မကောင်းစွာ ပြောလိုက်ခြင်းကြောင့် သွားရောက်လေ့လာချင်စိတ်က ပေါ်လာပြန်သည်။
ပြိန်ချောင်ရွာသားတစ်ချို့နှင့် ပန်ထိန်ဆည်ကျေးရွာ ပညာရေအား ဆွေးနွေးရာ “ဆရာမ အဲဒီရွာသားတွေက ဗဟုသုတမရှိဘူး၊ ပြောရင်လည်းလက်ခံမှာ မဟုတ်ဘူး” ဟုပြောလိုက်သော်လည်း ၊ မည်သို့ပင်ဖြစ်စေကာမူ ပန်းထိန်ဆည်ရွာသို့ သွားရောက်ကာ လေ့လာမည်ဟု ဆုံးဖြတ်လိုက်သည်။
နောက်နေ့နံနက်တွင် မြဒေးကျွန်း (ဒေသအခေါ်) ကျောက်မော်ကြီး တွင် ရေနက်ဆိပ်ကမ်း တည်ဆောက်နေရာသို့ ရွာသားများ တစ်ချို့၏ လိုက်ပို့ချက်ဖြင့် သွားရောက် လေ့လာခဲ့သည်။ စီမံကိန်တွင် ကျောင်းနေအရွယ် အသက် ၅ နှစ်မှ ၁၀ နှစ်အထိ ကလေး (၁၀) ဦးခန့် အပြစ်ကင်းစွာ ဆော့ကစားနေကြသည်ကို တွေ့လိုက်ရသည်။ အဖော်အဖြစ်လိုက်ပါသောသော ဒေါ်ညိုအေးအား ကလေးများမှာ ကျောင်းမတက်ကြသလားဟု မေးကြည့်သည့်အခါ “ကလေးတွေက ဒီစီမံကိန်းမှာ အလုပ်ကြမ်းဝင်လုပ်ကြတဲ့ သူတွေရဲ့ သားသမီးတွေပါ၊ သူတို့က ဒီမြို့နယ်က မဟုတ်ဘူး၊ တခြားမြို့နယ်က ဒီမှာ အလုပ်လာလုပ်ကြတာပါ။ သူတို့စာသင်ဖို့အတွက် စီမံကိန်းမှာ ကျောင်းတစ်ဆောင်ဆောက်ပေးထားတယ်၊ ဒုရဲအုပ်ရဲ့ အမျိုးသမီးကို စာသင်ဖို့ တစ်လ တစ်သိန်းနှင့် ငှားထားတာ အဲဒီဆရာမက စာကောင်းကောင်း သတင်မပေးဘူး” ဟုကြားလိုက်ရတော့ ထိုစာသင်သော အမျိုးသမီးအား သားသမီးချင်း ကိုယ်ချင်းမစာလေသလား ဟုဒေါသစိတ်ပွါးမိသည်။
ကလေးများ စာတတ်ပြီး အသိပညာ ဖွံ့ဖြိုးမည်၊ အသိပညာဖွ့ံ့ဖြိုးမှ အနာဂတ် ခေါင်းဆောင်ကောင်းများပေါ်ထွန်း နိုင်မည်။ အနာဂတ်ခေါင်းဆောင်ကောင်းများပေါ်ထွန်းမှ တိုင်းပြည်နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ကို သူတို့၏ စိတ်တွင် တစိုးတစေ့မျှ မသိလေကြသလား။
ကလေးများအနားသို့သွား၍ မေးကြည့်ရာ “ ရွာမှာနေတုန်းက ကျောင်းတက်ခဲ့ပါပြီး၊ အဖေတွေ အမေတွေ အလုပ်လာလုပ်လို့ လိုက်လာတာပါ”ဟု ကလေးတွေမှာ ဘာမျှ မသိနားမလည်။ ဒီအချိန်၊ ဒီရွယ် စာသင်ရကောင်းမှန်း၊ ကျောင်းတက်ရကောင်းမှန်းမသိ၊ မိဘများမှ စီးပွါးရေးအဆင်မပြေလေတော့ ရေကြည်ရာ၊ မြစ်နုရာကို ရွှေ့ပြောင်းအလုပ်လုပ်နေရသည့်အတွက် သားသမီးပညာရေး၊ ဘ၀ ရှေ့ရေးကို မတွေမိ၊ မစဉ်းစားနိုင် မိသားစုဘ၀ ရပ်တည်ရေးအတွက် ရုန်ကန်နေကြရသည်။ သားသမီများအား ပညာသင်ရကောင်းမှန်မသိ။ ကလေးတွေမှာလည်း အပြစ်ကင်းရှာသော ကလေးများပီးပီး ပျော်ရွင်စွာ ဆော့မြဲ၊ ကစာနေကြမြဲပင်။ ဒီကလေးများ၏ အနာဂတ်ဘဝရည်မှန်းချက်ပန်းတိုင်သည် ဘယ်မှာရှိတော့မည်နည်း။
တဘက်မှာက နိုင်ငံတော် အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းအား နည်းပညာရှင် နိုင်ငံခြားသားများက အကောင်အထည်ဖော်လုပ်ဆောင် နေချိန် စီးမံကိန်းလုပ်ငန်းခွင်ထဲတွင် နိုင်ငံခြားသားများ လက်ညိုထိုးရာ၊ စေခိုင်ရာကို လုပ်ဆောင်နေကြသော မြန်မာအလုပ်ကြမ်းသမားများက နေပူမရှောင်၊ မိုးရွာမရှောင် ပင်ပန်းစွာ အလုပ် လုပ်နေကြရသည်။
စီမံကိန် တစ်ခုလုံးအား အချိန်ရသလောက် လော့လာပြီ ညနေစောင်းမှ ပြန်လာပြီးထိုနေ့တွင်ပင် ရွာသား နှစ်ဦး၏ အကူအညီဖြင့် ပန်းထိန်ဆည်ရွာသို့ အရောက်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် ရွှေဂစ်စီမံကိန်းကြီးမှ ဂစ်ပိုက်လိုင်းသွယ်တန်းရန် ဖောက်လုပ်ထားသော အနီရောင် ပြေသားလမ်းမကြီးနှင့် ဘေးတဘက်တစ်ချက်ချက်တွင် ဒေသခံ ရွာသားများ စိုက်ပျိုးထားသော ကွမ်းသီးပင်၊ သီဟိုသရက်ပင်များသည် စိမ်းလန်းစိုပြည်နေသည်။ တစ်ချို့ အပင်များမှာ ပိုက်လိုင်းလမ်းဖောက်ရာမှ ထွက်လာသော မြေသားများ ပိကာ ပြိုလဲနေကြသည်။ ရွာသားများ အနှစ် (၁၀) ခန့်စိုက်ပျိုးထားသည့် အပင်များသည်ကာ မြေကြီးတူးစက်များ၏ လက်ချက်ကြောင့် ဇာတ်သိမ်းခဲ့ရသည်။ တောတောင်၏ အလှများသည်များ ပျက်စီးခဲ့ရပြီ။ ဥယျဉ်ခြံမြေပိုင်ရှင်များ၏ စိတ်များသည်လည်း သစ်ပင်များပြိုလဲသကဲ့သို့ ညိုနွမ်းနေကြသည်။
အဖော်အဖြစ် လိုက်ပါလာသူ အစ်ကို နှစ်ဦးမှာတော့ ဂစ်ပိုက်လိုင်းလမ်းဖောက်ရာတွင် ပါသွားသော အပင် တစ်ပင်အား စီမံကိန်းမှ မည်မျှ လျှော်ကြေးပေးသည်။ တစ်ဦးလျှင် သိန်းဘယ်လောက်ရသည်။ တစ်ချို့မှာ လျှော်ကြေးရသည့်ငွေများအား ရင်းနှီးကာ စီးပွါးရေး မလုပ်တတ်၍ ဖဲကစား၍ ကုန်သွားကြောင်းကို သူတို့သိသမျှ ပြောပြကြသည်။ အသိပညာဗဟုသုတ၊ မြေကြီးပိုင်ဆိုင်မှုသည်ကား တန်ဖိုးဖြတ်၍ မရနိုင်မှန် ဒေသခံတွေ မသိလေကြဟုဆိုရပေတော့မည်။
အချိန်အတော်ကြာ လမ်းလျှောက်လာခဲ့ပြီး တောင်ကုန်လေးပေါ်တွင် တဲသာသာလောက်သာရှိသော အိမ်ကလေး အဆောင် (၂၀) ခန့်၊ ထိုနေရာတစ်ဆောင်၊ ဒီနေရာတစ်ဆောင် အစီအစဉ်မကျ တည်ရှိနေသော ပန်ထိန်ဆည်ရွာရဲ့မြင်ကွင်းမှာ စိမ်းချမ်းသာစရာမရှိ၊ ဆောက်ထားသော အိမ်များမှာ ကပိုကရို။ ကျေးရွာဟုပင်ပြောရလောက်အောင် နှိုင်ယှဉ်စရာမရှိ။ မိုးထားသော ခေါင်းမိုးမှာ အဝေးကကြည့်မည်ဆိုလျှင် သွပ်ပြားတွေမိုးထားသလို၊ အနားရောက်မှ ပလစတစ်များမိုးထားသည်ကို တွေ့ရသည်။ စာသင်ကျောင်းရှိဖို့က မဖြစ်နိုင်သည်မှာသေချာလှပါသည်။
မြဒေးကျွန်းတွင် ပြိန်ချောင်ရွာ၊ ရွာမ၊ ကျောက်တန်း၊ ပန်ထိန်ဆည် ဆိုသည့် ရွာလေးရွာ ရှိသည့်အနက် ကျန်သုံးရွာမှာ စီမံကိန်းမှ ကျောင်းဆောက်ပေးသည်ဟု သိရသော်လည်း ပန်းထိန်ဆည်ရွာအား စီမံကိန်းမှ ကြောခိုင်းထားခဲ့သည်။ ပန်းထိန်ဆည်ရွာရှိသည်ဟူ၍ ပင်သူတို့ မသိလေသလော၊ တာဝန်ရှိပုဂ္ဂိုလ်များကပင် မတင်ပြလေသလား။ တင်ပြရကောင်းမှန်းလည်း ဒေသခံတွေ မသိလေသလား မိမိမှာ စဉ်စားမရ။
ရွာလည်ကွပ်လပ်လေးမှာ အနားယူနေစဉ် အသက် ၇၀ ကျော်ရှိတဲ့ လူကြီးတစ်ယောက်က အိမ်ပေါ်မှဆင်လာပြီး ဘာအလိုရှိပါသလဲလို့လာမေးတော့ “ဒီရွာက ကလေးတွေရဲ့ ပညာရေးကို လာပြီးလေ့လာတာပါ” ပါဟုပြောလိုက်မိသည်။ အသိမိတ်ဆွေ မရှိဘဲ အမျိုးသမီးတစ်ဦး ရွာထဲသို့ ရောက်လာသည်မှာ သူတို့အတွက် ထူးဆန်နေသည်။
“သမီးရင် ဒီရွာမှာ နေတဲ့သူတွေက ဘိုးစဉ်ဘောင်ဆက် ကတည်းက စာမသင်ခဲ့ရတာပါ။ အဘိုးတို့ခေတ်ကလည်း စာမတတ်သလို၊ ဂုခေတ်ကလေးတွေလည်း တစ်ယောက်မှ စာမတတ်ပါ၊ ရွာသားတွေလည်း ဆင်းရဲတော့ တခြားရွာမှာသွားပြီး ကျောင်းမထားနိုင်ကြပါဘူး” ဆိုတဲ့ ရင်နင့်ဖွယ် စကားသံကိုကြားလိုက်ရတော့ ရင်ထဲမှာ စိတ်မကောင်းဖြစ်မိသည်။
“ရွာကလူတွေနဲ့ စကားနည်းနည်းပြောကြည့်ချင်တယ်” ဟု မိမိပြောလိုက်တော့ အဘိုးက ရွာသားများကို လာခဲ့ဖို့ လှမ်းအော်လိုက်တော့ ရောက်လာသောသူများမှာ သက်ကြီးရွယ်အိုများ၊ လသားအရွယ်များကို ချီပိုးထားသော မိခင်များ၊ ကျောင်းနေအရွယ် ကလေးအရွယ်များစုဝေး ရောက်လာခဲ့သည်။
ကလေးများကို စာမသင်ချင်လားဟု အဘိုးကိုမေးလိုက်တော့ “သင်ချင်တာပေါ့ကွယ်၊ အဘိုးတို့စာမတတ်ပေမယ့် ဒီကလေးတွေကို စာတတ်စေချင်တယ်” ဆိုတဲ့ အားကိုယ်းတကြီး မျှော်လင့်ချက်နဲ့ပြောလာတော့ မိမိမှာ “ကလေးတွေ ကျောင်းတက်ချင်ကြသလား” ဟု မေးလိုက်ပြန်တော့ “တက်ချင်ပါတယ်” ဆိုတဲ့ ကလေးများထံမှ ကြားလိုက်ရသော အသံတွေမှာ ရင်ထဲ မချိအောင် ခံစားရသည်။
ပန်ထိန်ဆည်ရွာမှ ကလေးများ စာသင်ခန်းထဲတွင်ရှိနေရမည်အချိန် ကလေးထိန်းရင်း၊ ဆော့ကစားရင်နဲ့ စာသင်ကျောင်း မဲ့နေခဲ့ရသည်။ မည်သို့ပင်ဖြစ်စေကာမူ ပန်ထိန်ဆည်ရွာမှ ကလေးများ၏ အနာဂတ်လှပရေးအတွက် အစွမ်းကုန် ကြိုးစားရတော့မည်။ ကလေးများ စာတတ်၊ အသိပညာ ဗဟုသုတိကြွယ်ဝမှ ပန်ထိန်ဆည်ရွာ၏ အနာဂတ်လှပ၊ ဖွံ့ဖြိုးတိုးတက်တော့မည်။ သို့သော် မိမိတွင်လည်း ငွေအသပြာဟူ၍ ဗလာနတ်ထိ ဘာမျှမရှိ၊ စဉ်းစားရင်း အတွေးတစ်ခု ဝင်လာခဲ့သည်။
“ရွာသားတွေ စုပေါင်းအားနဲ့ ယာယီကျောင်းဆောင်လေး တစ်ဆောင် ဆောက်နိုင်မလား၊ ကျောင်းဆရာကိစ္စ၊ ကျောင်သားတွေအတွက် လိုအပ်တာကိုတတ်နိုင်သလောက်ကူညီမယ်၊ ကလေးတွေ ဒီနှစ်ကျောင်းတက်နိုင် အောင်ကြိုးစားကြမယ်” ပြောလိုက်တော့ ရွာသားများကလည်း ဝမ်းသာအားရနဲ့ ကျောင်းဆောက်ဖို့ကို အာမခံခဲကြသည်။
ရွာသားတွေမှာလည်း ကလေးများ၏ ပညာရေးကို ရှေ့ထားပြီး စုစည်းက ကျောင်းဆောင်သစ်တစ်ဆောင်ကို ဆောက်လုပ်ကာ မိမိမှာလည်း ပရဟိတ စေတနာ ကျောင်းဆရာတစ်ဦးအား အကူအညီတောင်းကာ ကလေးတွေများအား စာသင်ကြားစေခဲ့သည်။
၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှာ ပန်းထိန်ဆည်ရွာမှာ ကျောင်းသူ၊ ကျောင်းသား ၁၈ ဦးရဲ့ ဘဝအနာဂတ် လှေကားထစ် တစ်ထစ်ကို တွန်းပို့နိုင်ခဲ့သော်လည်း စာသင်ကျောင်၏ အင်္ဂါရပ်နှင့်ကိုက်ညီအောင် မဖြည့်ဆည်းနိုင်ခဲ့။ ကျောင်းသင်ဖုန်းကြီး၊ ခုံတွေကအစ ကျောင်းသုံးပရိဘောဂများ၊ ကျောင်းသားများအတွက် ကျောင်းဝတ်စုံ၊ လွယ်အိပ်၊ ထီး၊ ဖိနပ်၊ ကျောင်းသုံးစာအုပ်မှာလည်း မပြည့်စုံလှ။
ကျောင်းသားလေးများမှာ အိမ်နေရင်လည်း ဒီအဝတ်၊ ကစားရင်လည်း ဒီအဝတ်၊ ကျောင်းတက်ရင်လည်း ဒီအဝတ်၊ ထီးမပါ၊ ဖိန်ပမပါ၊ လွယ်အိပ်မရှိ၊ ရှိသောစာအုပ် အဗြဲလေးများကို ကြွပ်ကြွပ်အိပ်တွင်ထည့်ကာ မလှမပ ကျောင်းတက် နေရကြရရှာသည်။ ပြည့်စုံလုံလောက်နေသော မြို့ကျောင်းပေါ်တွင် တက်ရောက် ပညာသင်ယူနေသော ကျောင်းသူကျောင်းသားများနှင့် မိုးနှင့်မြေလို ကွာခြားလှသည်။ ကျောင်းသူ၊ ကျောင်းသားကလေးများမှာလည်း တဲသာသာရှိသော ကျောင်းတော်ကြီးတော်ကြီးတွင် သူတို့၏ နေ့စဉ်ဘဝကို ဖြတ်သန်နေရသည်ကိုပင် ပျော်ရွင်နေမိကြသည်။
မိမိမှာလည်း ထိုသို့ပျော်ရွင်နေကြသည် အနာဂတ်ပန်းကလေးများ၏ မျက်နှာကိုကြည့်ကာ ကြည်နူးမိရင် ကြောခိုင်းထားသော မြဒေးကျွန်းရေနက်ဆိပ်ကမ်းစီမံကိန်းကြီးမှ ပန်းထိန်ဆည်ရွာ၏ ဖွံ့ဖြိုးတိုးတက်ရေးကို မျှားဦးလှည့်လာမည်ကို မျှော်လင့်နေမိပါတော့သည်။
မြတ်နိုးသာ
(၂၀. ၁၀.၂၀၁၂)