ရခိုင့်အသံ။ Oct 24, 2013
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ကျွန်းပတ်လမ်းနှင့် အလှမ်းဝေးသော
ကျေးရွာများမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေပြီး ဖွံ့ဖြိုးတိုးတက်မှုမှာလည်း
ကျွန်းပတ်လမ်းပေါ်တွင် ရှိသော ကျေးရွာများထက် ဖွံ့ဖြိုးမှု
နောက်ကျနေကြောင်း ဒေသခံများက ပြောဆိုချက်အရ သိရသည်။
ကျွန်းပတ်လမ်းနှင့် ဝေးကွာသော ကျေးရွာများသို့ ကျွန်းဖြတ်လမ်း
ဖောက်လုပ်ပေးမည်ဆိုပါက လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုကို အခြေခံကာ
အဆိုပါ ဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှု ပိုမို ရှိလာနိုင်သည်ဟု
မာန်အောင်မြို့ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဦးဘကံ က
ဆိုသည်။
“ယခင် ကျွန်းပတ်လမ်းမရှိခင်တုန်းက ရွာတွေက တိုးတက်မှု မရှိပါဘူး၊
ကျွန်းပတ်လမ်း ဖောက်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်းပတ်လမ်း ပေါ်မှာ
ကျရောက်နေတဲ့ ကျေးရွာတွေဟာ လမ်းပန်းဆက်သွယ်ရေး
ကောင်းမွန်နေတဲ့အတွက်ကြောင့် စီးပွါးရေးရော၊ လူမှုရေးရော
တိုးတက်မှုရှိလာပါတယ်၊ ပတ်လမ်းနှင့် ဝေးကွာတဲ့ ကျေးရွာတွေဟာ အရင်အတိုင်းပဲ
ရှိနေပါသေးတယ်၊ ကျွန်းဖြတ်လမ်း (၂) ခုလောက် ထပ်ဆင့်
ဖောက်လုပ်ပေးလိုက်မယ်ဆိုရင် လက်ရှိ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့
ကျေးရွာတွေဟာလည်း ဆက်သွယ်ရေးကောင်းမွန်လာမယ်ဆိုရင် စီးပွါးရေး၊ လူမှုရေး၊
ပညာရေးက အစ ဖွံ့ဖြိုးတိုးတက်မှု ရှိလာနိုင်ပါတယ်” ဟု ဦးဘကံ က
သုံးသပ်ပြော ဆိုသည်။
ကျွန်းပတ်လမ်း မဖောက်လုပ်မှီ ကာလက ဒေသခံ ပြည်သူများမှာ ခြေလျှင်ခရီးကို
သာ အသုံးပြုခဲ့ကြရပြီး စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး
ဆိုင်ရာများ ယခုကဲ့သို့ တိုးတက်မှု မရှိခဲ့။
ပတ်လမ်းဖောက်လုပ်ပြီးနောက်ပိုင်းတွင် ကားများကို အသုံးပြုလာနိုင်ခြင်း၊
ကျေးရွာတစ်ချို့တွင် အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများ ရရှိလာ၍
ပညရေး တိုးတက်လာပြီး ဆေးရုံ၊ ဆေးခန်းများရရှိလာကာ ကျန်းမာရေး
စောင့်ရှောင့်မှုမှာ ယခင်ကထက်ပိုမို ရရှိလာခဲ့ကြောင်း သိရသည်။
“ကျွန်းပတ်လမ်းပေါ်မှာ ကျတဲ့ ကျေးရွာတွေက တော့ သွားရေးလာရေက အဆင်ပြေပါတယ်၊
ဒါပေမယ့် ကျွန်းပတ်လမ်းနှင့် အလှမ်းဝေးနေတဲ့ ကျေးရွာတွေက ကျန်းမာရေးနဲ့
ပတ်သက်ပြီး လူနာကို ဆေးရုံပို့ရမယ်ဆိုရင် သွားရေးလာရေ
အခက်အခဲတွေရင်ဆိုင်ကြရတယ်၊ နောက်ပြီး ပညာရေးမှာလည်း ကျောင်းသားတွေ
သွားရေလာရေး ကိစ္စတွေအဆင်မပြေနိုင်ကြဘူး၊ နောက်ပြီး စီးပွါးရေးလည်း
တိုးတက်မှု နောက်ကျနေကြတယ်” ဟု ဥက္ကဌ ဦးဘကံက ဆိုသည်။
ကျွန်းပတ်လမ်းနှင့် ဝေးကွာသော ပြည်သူများမှာ ကျေးရွာချင်း ဆက်သွယ်ထားသော
မြေသားလမ်း ကျဉ်းကလေးကို အသုံးပြုနေကြရသဖြင့် လမ်းပန်းဆက်သွယ်ရေး
ခက်ခဲနေဆဲဖြစ်သည်။
လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခြင်းကြောင့် ကျောင်းသားများ အခက်အခဲ
ရောက်ရပုံကို ဟင်းစနဲ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး
ဒေါ်မူမူဝင်းက “ ကလေးတွေဟာ နံနက် (၁၀) နာရီ ကျောင်းတက်မယ်ဆိုရင် ၈နာရီ၊ ၉
နာရီလောက် ကတည်းက ထမင်းထုတ်လေးတွေနဲ့ အိမ်ကထွက်ကြရတယ်၊ ညနေ ၄
နာရီကျောင်းက လွတ်ရင် ညနေ မိုးချုပ် ၅နာရီ ၆ နာရီလောက်မှ
အိမ်ကိုပြန်ရောက်ကြတယ်၊ တစ်ချို့
အဆင်ပြေတဲ့ကျောင်းသားလေးတွေဆိုရင် စက်ဘီ၊ တစ်ချို့ မိဘတွေက ဆိုင်ကယ်နဲ့
လိုက်ပို့ကြတယ်၊ စက်ဘီ၊ ဆိုင်ကယ် မရှိတဲ့လူတွေဆိုရင် လမ်းလျှောက်ကြရတယ်၊
လမ်းကလည်း မကောင်းတော့ မိုးရာသီဆိုရင်တစ်ချို့ တံတားတွေကလည်းမကောင်း၊
လမ်းကလည်းပျက်နေတယ်၊ ချောင်းရိုးတွေ မှာ ရေပြည့်နေပြန် ဆိုတော့ ကလေးတွေက
ကျောင်းကို မရောက်နိုင်ကြတော့ဘူး” ဟု ဆိုသည်။
ဟင်းစနဲ အထက်တန်းကျောင်းသို့ ကျေးရွာပေါင်း ၃၀ ခန့်မှလာရောက်
ကျောင်းတက်နေကြပြီး အဆိုပါကျေးရွာများမှာ ကျွန်းပတ်လမ်းဖြင့်
အလှမ်းကွာဝေးသော ကျေးရွာများဖြစ်ကြောင်း သိရသည်။
ကျွန်းပတ်လမ်းနှင့် ဝေးကွာသော ကျေးရွာများရှိ ပြည်သူများမှာ
မြို့သို့သွားလာရန်အတွက် သော်လည်းကောင်း၊ ကျေးရွာ တစ်ရွာနှင့် တစ်ရွာ
သွားလာရန်အတွက်သော်လည်းကောင်း ဆိုင်ကယ်များအား အခကျေးငွေးများများပေးကာ
သွားလာနေကြရပြီး တစ်ချို့မှာ ခြေလျှင်ခရီးကိုသာ အသုံးပြုနေကြရသည်။
လမ်းပန်းဆက်သွယ်ရေးမကောင်းသော ကျေးရွာများသို့ မာန်အောင်မြို့မှ ၆
မိုင်ခန့်ဝေးသော ကျေးရွာသို့ အငှားဆိုင်ကယ်တစ်စီးအား (၃၀၀၀) ထောင်
ကျပ်ခန့်ပေးကြရပြီး ကျွန်းပတ်လမ်းပေါ်တွင် ကျရောက်သော ကျေးရွာများမှာ (၆)
မိုင်ခရီးကို လိုင်းကားဖြင့် သွားပါက (၅၀၀)ကျပ် ခန့်သာကုန်ကျကြောင်း
ဒေသခံများ ပြောပြချက်အရ သိရသည်။
အဆိုပါ ကျေးရွာများသို့ တခါ တရံ ကားများသွားလာနေကြသော်လည်း မိုးရာသီတွင်
လမ်းမကောင်းသဖြင့် သွားလာခြင်း မပြုနိုင်ပဲ ရာသီဥတု ကောင်းမွန်သောအခါတွင်
၈ မိုင်ခန့်ဝေးသော ခရီးကို ၁ နာရီကျော်ခန့် စီးရကြောင်း ဒေသခံများက
ဆိုသည်။