Headlines

လူငယ်ရေးရာမူဝါဒထွက်ပေါ်လာရေးအတွက် ရခိုင်လူငယ်ဖိုရမ်(ရန်ကုန်)မှ စတင်၊ သမိုင်းမြို့မကျောင်း တွေ့ဆုံဆွေးနွေးပွဲ ရလဒ်များအားထုတ်ပြန်

ရခိုင့်အသံ။ Nov 26, 2012
လူငယ်ရေးရာ မူဝါဒထွက်ပေါ်လာရေးအတွက် စုစည်းသော ရခိုင်လူငယ်အသံနှင့် လွတ်လပ်သော လှုပ်ရှာမှုအဖြစ် ရခိုင်လူငယ်ဖိုရမ်(ရန်ကုန်)မှ သမိုင်းတွင်မည့် ရခိုင်လူငယ် တွေဆုံဆွေးနွေးပွဲတစ်ခုကို ရကုန်တိုင်း၊ သမိုင်းမြို့မကျောင်းတိုက်၌ နိုဝင်ဘာ ၂၄မှ ၂၅ ရက်ထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပြီး လူငယ်ထုအတွက် လက်တွေ့လုပ်ငန်းများ ချမှတ်လုပ်ကိုင်ရန် အထောက်အကူပြုမည့် သမိုင်းမြို့မကျောင်း တွေ့ဆုံဆွေးနွေးပွဲ ရလဒ်များကို ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံးပြည်နယ်ဖြစ်သော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်လူငယ်များ ရင်ဆိုင်နေရသော ပြဿနာ အရပ်ရပ်ကို ဆွေးနွေး အဖြေရှာရေး၊ ရခိုင်ပြည်နယ်အတွက် လူငယ်များ၏ စွမ်းဆောင်ရည်များကို ပိုမိုအသုံးချရေး၊ အစိုးရ အဖွဲအစည်းများနှင့် ချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်ရေး၊ ဆွေးနွေးပွဲမှ တဆင့် ရခိုင်အဖွဲ့အစည်းပေါင်းများစွာနှင့် ချိတ်ဆက်မိကာ ကွန်ယက်ကြီး တစ်ခု ပေါ်ပေါက်လာရန် ရည်ရွယ်ကာ လူငယ်များ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ရခိုင်လူငယ်များဖိုရမ်(ရန်ကုန်) စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
သမိုင်းမြို့မကျောင်းတွေ့ဆုံဆွေးနွေးပွဲတွင် လူငယ်မူဝါဒသဘောထားချမှတ်ရာတွင် လူငယ်ထု၏ လက်တွေ့လုပ်ငန်းစဉ်များအတွက် အထောက်အကူဖြစ်မည့် လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်နိုင်ငံရေး၊ လူငယ်နှင့် သတင်းနည်းပညာ ကဏ္ဍများကို ခေါင်းစဉ်တစ်ခုချင်းစီအပေါ်တွင် အုပ်စုလိုက်ဖွဲ့၍ ဆွေးနွေးခဲ့ကြပြီး ပိတ်ကြားထားသည့် ပညာရှင်များမှ သက်ဆိုင်ရာခေါင်းစဉ်များတွင် လိုအပ်သည့် အချက်အလက်များကိုပါ ထည့်သွင်းဟောပြောခဲ့သည်။
နှစ်ရက်ဆက်တိုက် ပြုလုပ်ခဲ့သော ရခိုင်လူငယ်များ သမိုင်းမြို့မကျောင်းတွေ့ဆုံဆွေးနွေးပွဲမှ မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်ပညာရေးသည် အနိမ့်ကျဆုံးပြည်နယ် ဖြစ်လေရာ ရခိုင်ပြည်ပညာရေးတိုးတက်ရန်အတွက် အခြေံမူလတန်းပညာကို နိုင်ငံတော် အစိုးရမှ အခမဲ့သင်ကြားနိုင်ရန်၊ ပညာထူးချွန်သော်လည်း ချို့တဲ့သောကျောင်းသားများကို Scholarship ပေးရေး၊ ရခိုင်ပြည်နယ်အတွင်း ရခိုင်ပြည်နယ်ရေမြေဒေသ၊ လူမှုစီးပွါးတိုးတက်စေမည့် ဘာသာရပ်များကို သင်ကြားပေးသော အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ ပေါ်ပေါက်လာစေရန်နှင့် နိုင်ငံတကာ အဆင့်မှီသော ပညာရေးစနစ်ပေါ်ထွက်လာစေရန် စသည့်အချက်များ လူငယ်နှင့် ပညာရေးကဏ္ဍ ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ရခိုင်ပြည်နယ်တွင် ကွမ်း၊ အရက်သေစာ၊ ဆေးလိပ်၊ စိတ်ကြွဆေးလုံး၊ ဆေးခြောက်၊ ဖန်စီဒိုင်းအပါအဝင် ထိုးဆေးများ၊ ရာမနှင့် ဘိန်းစသည့် မူးယစ်ဆေးဝါးများကို လူငယ်များ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြခြင်းဖြစ်ရာ ဆေးလိပ်၊ ကွမ်းနှင့် အရက်သေစာများကို အသက်(၁၈)နှစ်အောက် လူငယ်များအား ရောင်းချခြင်းများကို ဥပဒေအရကြပ်ကြပ်မတ်မတ်တားမြစ်အရေးယူပေးရန်၊ လူငယ်များ၏ သုံးစွဲချင်စိတ်ကို ဖြစ်ပေါ်စေသဖြင့် ကြော်ငြာစာများသည် တားဆီးပိတ်ပင် အရေးယူပေးရန်၊ ရပ်ရွာများတွင် အရက်သေစာ တရားမဝင် ရောင်းချခြင်းကို အဂတိလိုက်စားမှုကင်းရှင်းစွာဖြင့် တားမြစ်ပိတ်ပင်ကာ ချိုးဖောက်သူများအား ထိရောက်စွာ အရေးယူပေးရန်၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဆေးလိပ်၊ ကွမ်း၊ အရက်နှင့် မူးယစ်ဆေးဝါး လုံးဝ ကင်းစင်သည့် နယ်မြေများအဖြစ် သတ်မှတ်ပြီး ကန့်သတ်နယ်မြေများအဖြစ် သတ်မှတ်ကာ ဆေးလိပ်သောက်ရန် နေရာများ သီးခြားသတ်မှတ်၍ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် စသည့် လူငယ်နှင့် မူးယစ်ဆေးဝါးကဏ္ဍ ဆွေးချက်ရလဒ်များကို ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့အား တိုက်တွန်းသည့်အချက်များ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် ရခိုင်ပြည်နယ်၏ မီဒီယာ အခန်းကဏ္ဍသည် ဖွံ့ဖြိုးတိုးတက်မှု အနှေးကွေးဆုံး ဒုတိယနေရာ၌ရှိနေခြင်း၊ မီဒီယာလွတ်လပ်ခွင့်မှာ အဓိကဖြစ်သည်ဟု ရခိုင်လူငယ်ဖိုရမ်မှ ယုံကြည်ကြောင်း လူငယ်များ၏ မီဒီယာ စိတ်ဝင်စားမှုကို မြှင့်တင်ပေးရန်နှင့်ရခိုင် လူငယ်များ၏ ကြိုးပမ်း အားထုတ်မှုဖြင့် ကိုယ်ပိုင် မီဒီယာ အုပ်စုများ ဖန်တီးကာ ထိုမှတဆင့် မီဒီယာအသင်းအဖွဲ့ တစ်ရပ် ပေါ်ပေါက်လာပြီး ရခိုင်ပြည်နယ်အနှံ့ အချိန်နဲ့ တပြေးညီ ဖြန့်ေ၀ ပေးနိုင်သော ကိုယ်ပိုင် သတင်းမီဒီယာများ ပေါ်ပေါက်လာစေရန် လိုအပ်ပြီး ကမ္ဘာ့သတင်းနည်းပညာကို ရခိုင်ပြည်သူများထိတွေ့ခွင်ရရန် လိုအပ်သော IT နည်းပညာကို တွင်ကျယ်စွာအသုံးချလာနိုင်ရေးအတွက် သက်သာသည့်နှုန်းထားဖြင့် လျှပ်စစ်ဓါတ်အားရရှိနိုင်ရေး အစိုးရမှ အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ပေးရန် တောင်းဆိုလိုက်သည်။
လူငယ်များ နိုင်ငံရေးဦးဆောင်မှုတွင်ပါဝင်လာရန် နိုင်ငံရေးဆွေးနွေးပွဲများ၊ လူမှု့အဖွဲ့အစည်းများ၊ ကျောင်းသား သမဂ္ဂများကို ပိုမိုလွတ်လပ်စွာ ဖွဲ့စည်း တည်ထောင်ခွင့် ပြုရမည်ဖြစ်ပြီး နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အစိုးရ ကျောင်းများတွင် သင်ရိုးညွန်းတန်းအနေဖြင့် ထည့်သွင်း သင်ကြားပေးရမည့် အပြင် နိုင်ငံရေးကို ကျွမ်းကျင်သော လူကြီးများကလည်း မျိုးဆက်သစ်လူငယ်များကို အတူတကွ လက်တွဲ ခေါ်ဆောင်ရန် လိုအပ်ပြီး လူငယ်များ၏ ဆန္ဒ၊သဘောထား ထုတ်ပြန်ချက်များကို လွတ်တော်များတွင် တင်ပြ ဆွေးနွေးနိုင်ရန် နိုင်ငံတော် အစိုးရမှ အခွင့်အရေး ပေးခြင်းများ ပြုလုပ်ပေးရမည်ဖြစ်ကြောင်း စုစည်းသော လူငယ့်အသံမှ တိုက်တွန်းနိုးဆော်သည်။
လူငယ်ရေးရာမူဝါဒထွက်ပေါ်လာရေးအတွက် လူငယ်ပေါင်းများစွာနှင့် တွေ့ဆုံကာ လိုအပ်မှုများကို စုစည်းတင်ပြခြင်း၊ ဆွေးနွေးမှုရလဒ်များကို လွှတ်တော်အမတ်များနှင့် အကြိမ်ပေါင်းများစွာ ညှိုနှိုင်းမှုပြုလုပ်ခြင်း၊ လူငယ်များသည် နိုင်ငံတော်တိုးတက်ရေးအတွက် အရေးပါသည်ဆိုသည့် အချက်ကို လူကြီးများမှ လက်ခံနားလည် လာစေရန် လုပ်ဆောင်သွားရမည်ဖြစ်ပြီး အလုပ်ဆောင်ချက် လမ်းကြောင့်တွင် ဖိုရန်သည် ပထဦးဆုံးခြေလှမ်းဖြစ်ရာ မဆုတ်မနစ်ကြိုးစားရမည်မှာ ရခိုင်လူငယ်များ၏ သမိုင်းပေးတာဝန်ဖြစ်ကြောင့် ရခိုင်လူငယ်ဖိုရမ် (ရန်ကုန်)က နိုးဆော်ထားသည်။
ဖိုရမ်၏ နောက်ဆုံးပန်းတိုင်မှာ လူငယ့်ရေးရာ မူဝါဒ တစ်ခုဖြစ်ပြီး ၎င်းမူဝါဒများအား မြန်မာဖိုရမ်နှင့်ပေါင်းကာ ပြည်ထောင်စုလွှတ်တော်နှင့် အမျိုးသားလွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် ဖိုရမ်မှ ထွက်ပေါ်လာသော အသံများကို ပြည်နယ်လွှတ်တော်တွင် တင်သွင်းသွားမည်၊ ဖိုရမ်အားကောင်းလာရန် အတွက် လက်ရှိ ရှိနေသော အင်အားကို ထိန်းသိန်းထားမည်ဖြစ်ပြီး ဒေသအဖွဲ့အစည်းများ၏ အကူအညီအားရယူကာ တည်ဆောက်သွားမည်။
လူငယ်ရေးရာမူဝါဒထွက်ပေါ်လာရေးအတွက် လူငယ်ပေါင်းများစွာနှင့် တွေ့ဆုံကာ လိုအပ်မှုများကို စုစည်းတင်ပြခြင်း၊ ဆွေးနွေးမှုရလဒ်များကို လွှတ်တော်အမတ်များနှင့် အကြိမ်ပေါင်းများစွာ ညှိုနှိုင်းမှုပြုလုပ်ခြင်း၊ လူငယ်များသည် နိုင်ငံတော်တိုးတက်ရေးအတွက် အရေးပါသည်ဆိုသည့် အချက်ကို လူကြီးများမှ လက်ခံနားလည် လာစေရန် လုပ်ဆောင်သွားရမည်ဖြစ်ပြီး အလုပ်ဆောင်ချက် လမ်းကြောင့်တွင် ဖိုရန်သည် ပထဦးဆုံးခြေလှမ်းဖြစ်ရာ မဆုတ်မနစ်ကြိုးစားရမည်မှာ ရခိုင်လူငယ်များ၏ သမိုင်းပေးတာဝန်ဖြစ်ကြောင့် ရခိုင်လူငယ်ဖိုရမ် (ရန်ကုန်)က နိုးဆော်ထားသည်။
ရခိုင်လူငယ်ဖိုရမ်(ရန်ကုန်)ဖြစ်ပေါ်လာရခြင်းမှာ မြန်မာလူငယ်ဖိုရမ်အား အကြောင်းပြုကာ ပေါ်ပေါက်လာခဲ့ပြီး ရည်ရွယချက်မှာ တိုင်းနှင့်ပြည်နယ်မှ လူငယ်များ၏အသံအား စုစည်းကာ မြန်မာနိုင်ငံလုံးဆိုင်ရာ လူများငယ်များ၏ အသံအဖြစ် ပေါ်ထုတ်ရန်ရည်ရွယ်ရှိပြီး တိုင်းနှင့်ပြည်နယ်မှ အသံများထွက်ပေါ်လာ ရန်အတွက် ဖိုရမ်များတည်ဆောက် နေကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်ဖိုရမ်တွင် ရခိုင်လူငယ်များ၏ အသံ၊ သဘောထားများ ထင်ဟတ်နိုင်ရေး၊ ရခိုင်လူငယ်အဖွဲ့အစည်းအချင်းချင်းအကြားတွင် အချိတ်အဆက်မိကာ စည်းလုံးပြီး ရခိုင်လူငယ် ကွန်ယက်ကြီး တစ်ခု ပေါ်ပေါက်လာရန် ရည်ရွယ်ချက်ဖြင့် ရခိုင်လူငယ်ဖိုရမ်အားဖွဲ့စည်းကာ ဖိုရမ်၏ နောက်ဆုံးပန်းတိုင်မှာ လူငယ့်ရေးရာ မူဝါဒ တစ်ခုဖြစ်ပြီး ၎င်းမူဝါဒများအား မြန်မာဖိုရမ်နှင့်ပေါင်းကာ ပြည်ထောင်စုလွှတ်တော်နှင့် အမျိုးသားလွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ် ဖိုရမ်မှ ထွက်ပေါ်လာသော အသံများကို ပြည်နယ်လွှတ်တော်တွင် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။