ရခိုင့်အသံ။ Mar 5, 2012
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ရှိ တံငါရွာမှ ကလေးငယ်အချို့သည် ငါးဖမ်းလှေများဆိပ်ကပ်ရာ ကမ်းခြေသို့သွား ရောက်၍ မိသားစုဝင်ငွေအဖြစ် တဘက်တလမ်းမှ ရှာဖွေပေးနေကြောင်းသတင်းရရှိသည်။
အဆိုပါကျေးရွာများမှ ကလေးငယ်များသည် ငါးဖမ်းလှေများ ကမ်းသို့ကပ်လာချိန်တွင် မုန့်၊ ကွမ်းယာ၊ ဆေးလိပ်စသည်တို့ဖြင့် ငါးဖမ်းသမားများထံမှ ငါးများဖြင့်လှဲလှယ်၍ ရရှိလာသော ငါးများကို ရောင်းချကာ ငွေများကို မိသားစုအသုံးစရိတ်အဖြစ် ပေးကြကြောင်းသိရသည်။
“သားတို့က ဒီအလုပ်ကို လုပ်လာတာကြာပါပြီး၊ အဂုတော့ သားတို့က စာမေးပွဲစစ်ပြီးသွားပြီးဆိုတော့ လွတ်လွတ်လပ်လပ်လုပ်လို့ရတယ်၊ သားတို့မှာ ရှိတဲ့ပိုက်ဆံနဲ့မုန့်တွေဝယ်လာတယ်၊ လှေတွေ ကမ်းကပ်ပြီဆိုရင် ငါးတွေကို မုန့်တွေနှင့် လှဲကြတယ်၊ ရတဲ့ငါးတွေကို ရောင်းတယ်၊ တနေ့ တစ်ထောင်ကျော်လောက်ရတယ်၊ ရတဲ့ငွေကို အဖေအမေတွေကိုပေးပါတယ်” ဟု ဂွမြို့ပင်လယ်ကမ်းခြေအနီး တံငါရွာမှကလေးငယ် တစ်ဦးကပြောသည်။
အချို့ကလေးငယ်များမှာ ငါးဖမ်းသမား ကမ်းသို့ ငါးတောင်းများကိုထမ်းတင်လာချိန်တွင် ရေထဲသို့ ဆင်ကာ ငါးများကို တောင်းယူကြပြီး ရရှိလာသောငါးများကို စုဆောင်းက ရောင်းချကြကြောင်းသိရသည်။
အချို့၁၃ နှစ်အရွယ် ကလေးများမှာ လူကြီးများနှင့်အတူ ငါးဖမ်းပိုက်များဆွဲခြင်း၊ ကမ်းခြေတွင် ငါးလှန်းခြင်း၊ သယ်ယူပို့ဆောင်ခြင်းစသည့် ကမ်းပေါ်ငါးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင် နေကြသည်။ ထိုသို့လုပ်ငန်းများကို လုပ်ကိုင်နေကြသော ကလေးငယ်များသည် တစ်ချို့မှာ ကျောင်းနေသော် လည်း တစ်ချို့မှာ ကျောင်းမနေကြတော့ဘဲမိဘများကို ဝိုင်းကူနေကြကြောင်းသိရသည်။
ငါးဖမ်းလှေလိုက်ခြင်း၊ ကမ်းပေါ်ငါးလှန်းလုပ်ငန်းများကို လုပ်ကိုင်နေသူများမှာ ဒေသခံများထက် အခြားဒေသ၊ မြို့နယ်များမှ လာရောက်လုပ်ကိုင်နေကြသော ရွေ့ပြောင်းအလုပ်သမားများမှာအများဆုံးဖြစ်ပြီး အသက် (၁၂)နှစ်၊ (၁၃)နှစ် အရွယ်ကလေးများမှာ စာဆက်မသင်တော့ဘဲ မိဘများနှင့်ဝိုင်းကူကာ လုပ်ကိုင်နေကြကြောာင်း သတင်းရရှိပါသည်။