Headlines

ရခိုင်ပြည် တောင်းပိုင်းတွင် ရခိုင်စာပေအကြောင်း ရခိုင်သမိုင်းသုတေသီများ ဟောပြော

ရခိုင့်အသံ။ Feb 10, 2012
ရခိုင်ပြည်နယ် တောင်ပိုင်းဒေသတွင် ပထမဆုံး အကြိမ်ဖြစ်သည့် ရခိုင်စာပေ အကြောင်းကို မြောက်ဦး၊စစ်တွေ၊ ရန်ကုန် စသည့်မြို့နယ်များမှ ရခိုင်သမိုင်းသုတေသီများ က ယခုလ ၄ ရက်နေ့မှ ၇ ရက်နေ့ အထိ တောင်ကုတ်မြို့နယ် တွင် ဟော ပြောခဲ့ကြောင်း သတင်းရရှိသည်။
ရခိုင်စာပေသမိုင်းသုတေသီများဖြစ်သည့် ဆရာဦးကျော်ထွန်းအောင်(တက်ထွန်းနီ-မြောက်ဦး) ဦးဦးလှမြင့်၊ ရမ္မာဝတီ အရှင်ပညာစာရ၊မောင်လှိုင်(လမု) တို့က ရခိုင်စာပေဆိုင်ရာများကို ဟောပြောခဲ့ကြောင်းသိရသည်။
“ ကျနော်တို့ဒေသမှာ ရခိုင်က စာပေသမားတွေလာရောက်ပြီးတော့ စာပေအကြောင်းပြောတာ ပထမဆုံး အကြိမ်ပါ၊ အားလုံးကတော့ စိတ်ဝင်စားကြပါတယ်၊ ပြည်သူတွေဆီက အကုန်ကျခံတာမျိုးမဟုတ်ဘဲ သူတို့ရဲ့ အစီအစဉ်နဲ့လာကြ တာပါ၊ ဟောပြောကြတာတွေလည်းကောင်းပါတယ်၊ကျနော်တို့ အတွက် ဗဟုသုတတွေရတာပေါ့၊ ဒါပေမယ့်ပိုစိတ်ဝင်စားမှု ကောင်းတာက ကျနော်တို့ဟာ ကိုယ်ဒေသရဲ့သမိုင်းတွေကို မသိဘူး ၊သူတို့လာပြီးဟောပြောမှသိရတာ၊ ဗဟုသုတ လည်း ရပါ တယ်”လို့ တောင်ကုတ်မြို့၊ မြို့နယ်ခန်းမတွင်ပြုလုပ်သည့် စာပေဟောပြောပွဲသို့တက်ရောက်သည့်ဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွင် ရခိုင်ဆိုင်ရာ စာပေဟောပြောပွဲများပြုလုပ်ခြင်းမရှိခဲ့သလို ယခု အကြိမ်သည် ပထမဆုံးသော အကြိမ်ဖြစ်ကြောင်းသိရသည်။ တောင်ကုတ်မြို့တွင် ယခု၄ရက်နေ့မြို့နယ်ခန်းမတွင်ပြုလုပ်ခဲ့ပြီး၊ ရွာမ၊ကင်းတောင်၊ ဆားပြင်၊ ပဒါ၊ လမူး မော်၊ဘူးရွှေမော်၊ မအီမြို့၊ တို့တွင် (၇)ရက်နေ့ထိဟောပြောခဲ့သည်။
“ကိုယ့်သမိုင်းကိုယ့်စာပေအကြောင်းကိုသိရတော့အတိုင်းမသိကျေနပ်မိတယ်၊နောက်နှစ်တွေမှာလည်းယခုလိုစာပေဟောပြောပွဲ တွေဖြစ် လာပါစေလို့မျှော် လင့်တယ်”ဟုစာပေဟောပြောပွဲသို့တက်ရောက်ခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ဒေသခံပြည်သူများကလည်း ရခိုင်သမိုင်းသုတေသီ စာရေးဆရာများကို ဝမ်းပန်းတသာကြိုဆိုပြီး အနှောက် အယှက်တစ်စုံတရာမရှိဘဲ ရခိုင်စာပေဟောပြောပွဲကိုပြုလုပ်ရသည့် အတွက်အားရကျေနပ်မှုရှိကြောင်း၊ နောက်နှစ် များတွင်လည်း စာပေဟောပြောပွဲပြုလုပ်ရန် ဒေသခံများကဖိတ်ခေါ်လျှင် လာရောက်ဟောပြောမည် ဟု သမိုင်းသု တေသီ စာရေးဆရာ များက ပြောသည်။
အဆိုပါစာပေဟောပြောပွဲ များ သို့ နယ်အသီးသီးမှ ပရိတ်သတ် အများအပြားတက်ရောက်ခဲ့ကြောင်းလည်းသိရသည်။ ဟောပြောပွဲတွင်ပါဝင်သည့် ရခိုင်သမိုင်းသုတေသီ ဦးကျော်ထွန်းအောင်ကလည်းရခိုင်သမိုင်း တစေ့တစောင်းကို ရှင်းပြခဲ့သည့် အပြင် ဦးဦးလှမြင့်ကလည်း အထဲလားအပြင်လားခေါင်းစဉ်ဖြင့် ရခိုင်တို့၏ ပညာရေး တိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်သင့်သည့်ကိစ္စရပ်များကို ဝိုင်းဝန်းကူညီလုပ်ဆောင်ရန်စသည့် အကြောင်း အရာများကိုလည်းဟောပြောခဲ့ကြောင်းသိရသည်။
ထို့အပြင် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သရက်ထောင်မှ လွတ်မြောက်လာသည့် ရခိုင်သမိုင်းသုတေသီ ဆရာတော် အရှင်ပညာစာရကလည်း ရခိုင်ဆိုင်ရာသုတများနှင့် ဒေသဆိုင်ရာ သမိုင်းကြောင်းများကိုဟောပြောခဲ့ကြောင်း သိရသည်။
ရခိုင်စာပေသမိုင်းသုတေသီအများစုမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများတွင်စာပေဆိုင်ရာ ဟောပြောမှုများသာ ရှိခဲ့ ကြောင်း သိရသည်။