ရခိုင့်အသံ။ ။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၅) ရက်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီအစိုးရမှ ဝန်ထမ်းများအား ဒစ်ဂျစ်တယ်စနစ်ဖြင့် လစာထုတ်ပေးနေခြင်းဖြစ်ရာ ဝန်ထမ်းများအနေဖြင့် လစာထုတ်ယူရာ၌ အခက်အခဲ ကြုံနေရကြောင်း သိရသည်။
ဩဂုတ်လ လစာကို ထုတ်ယူသည့်အခါတွင် ATM စက်များ ပျက်နေခြင်း၊ မီးမလာသဖြင့် ငွေထုတ်မရသည့်အတွက် ပြင်ပငွေလွှဲလုပ်ငန်းဆိုင်များတွင် ရာခိုင်နှုန်းပေး၍ ထုတ်နေရခြင်း ဖြစ်ရာ ရေရှည်တွင် အဆင်မပြေနိုင်ကြောင်း Non CDM ဝန်ထမ်းများ ပြောသည်။
“ATM စက် တွေကလဲ လိုင်းမကောင်းတာနဲ့ ပျက်နေတာနဲ့ ကြန့်ကြာတာပေါ့။ အဲ့လိုဖြစ်တာကလဲ ကျွန်တော်တို ဘဏ်တခုထဲ မဟုတ်ဘူး၊ တခြားဘဏ် တွေမှာလဲ ဖြစ်နေတာ၊ အပြင်ငွေလွှဲတွေဆီမှာထုတ်ရင်လဲ ရာခိုင်းနှုန်းက ပေးရသေးတယ်။ အရင်ကဆို ကိုယ့်လစာကိုယ် ထုတ်ချင်ရင် လက်မှတ် လေးထိုးပြီးတော့ထုတ်ရုံပဲဆိုတော့ ပိုကောင်းတာပေါ့” ဟု Non CDM ဘဏ်ဝန်ထမ်းတစ်ဦးက ဆိုသည်။
ဒစ်ဂျစ်တယ်စနစ်ဖြင့် လစာထုတ်ပေးသည့် ဝန်ဆောင်မှုကို KBZ ၊ UAB ၊ CB ၊ AYA ၊ Wave Money ၊ OK Dollar ၊ Zego Money ၊ UniPay ၊ True Money ၊ ရွှေဘဏ်၊ Trusty Ecommerce ၊ A Bank ၊ AGD ၊ MAB ၊ M-ပိုက်ဆံ ၊ MCB Bank များက ရရှိထားခြင်းဖြစ်သည်။
နယ်ဘက်တွင် တာဝန်ကျနေသည့် ဝန်ထမ်းများမှာ သက်ဆိုင်ရာ ဒေသ၌ ATM စက်များမရှိသဖြင့် လစာထုတ်ရန် မြိုပေါ်သို လာရောက်၍ ထုတ်ယူကြရပြီး ထိုသို မထုတ်ပါက ငွေလွှလုပ်ငန်းများမှ တဆင့် ထုတ်ယူကြရသည့်အတွက် အခက်အခဲများ ပို၍ ရှိကြောင်း သိရသည်။
“အခုထိလစာက မထုတ်ရသေးဘူး။ အလုပ်က နယ်ဘက်မှာဆို တော့ ATM စက်တွေကမရှိဘူး၊ မြိုပေါ်လာပြီး ထုတ်ရတယ်။ ငွေလွှလုပ်ငန်းတွေမှာ ထုတ်ပြန်ရင်လည်း ရာခိုင်နှုန်းတွေ နဲ့ ထုတ်ရတယ်။ ရာခိုင်နှုန်းတွေ တိုးတောင်လာမှာကိုတောင် စိုးရိမ်နေကြရတယ်။ စားသောက်ကုန် ဝယ်တဲ့အခါမှာလဲ အမြဲတမ်း ဒီဂျစ်တယ်pay တွေနဲ့ ရှင်းလိုမရဘူး လေ။ နေရာတိုင်းမှာအလွယ်တကူထုတ်လိုရအောင် ATM စက်တွေကို တွင်တွင်ကျယ်ကျယ် ထားပေးထားရင်တော့ အဆင် ပြေမယ်” ဟု နယ်ဘက်တွင် တာဝန်ကျ နေသည့် Non CDM ဝန်ထမ်းတစ်ဦးက ပြောသည်။
ထိုသို ဒီဂျစ်တယ် ငွေပေးချေသည့် စနစ်ဖြင့် ဆောင်ရွက်မှုသည် နောက်ပိုင်းတွင် အများပြည့်သူလက်ထဲ၌ ငွေ ပြတ်လတ်မှုများ ရှိလာနိုင်ပြီ လက်လီအရောင်းဆိုင်များအတွက်လည်း အခက်များ တွေရှိလာနိုင်ကြောင်း ကုန်သည်တဦးက သုံးသပ်ပြောဆိုသည်။
“ကုန်သည်ကြီးတွေကတော့ ဘဏ်စာရင်း အလွှဲအပြောင်းနဲ့ပဲ ငွေပေး၊ ငွေယူလုပ်ကြတာဆိုတော့ အခက်အခဲ မရှိလောက်ဘူး။ ဒါပေမယ့် အများပြည်သူလက်ထဲမှာ ငွေသားပြတ်လတ်သွားမယ်ဆိုရင် လက်လီအရောင်းဆိုင်တွေမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ နောက်ပြီး ငွေသားထုတ်ယူဖိုအတွက် ရာခိုင်နှုန်းပေးပြီး ထုတ်ရတော့ လစာထုတ်ဖို့အတွက် အပိုငွေပေးရသလိုဖြစ်သွားမှာပေါ့” ဟု ရန်ကုန်မြိုမှ ကုန်သည်တစ်ဦးက ပြောသည်။
ဇူလိုင်လအတွင်း ဘဏ်များမှ ငွေသားထုတ်ယူရန် အခက်အခဲများဖြစ်လာခဲ့ပြီး ဗဟိုဘဏ်မှ ဘဏ်လုပ်ငန်းရှင်များကို ဇူလိုင်လ ၁၀ ရက်နေ့တွင် နေပြည်တော်သို့အစည်းအဝေးခေါ်ယူစဉ် ငွေသားသုံးစွဲမှုကို လျှော့ချပြီး online banking စနစ်၊ digital banking စနစ်သို့ လုပ်ဆောင်ရန် ပြောကြားခဲ့သည်။ ထို့အပြင် ငွေသားပြတ်လပ်မှုကို ဖြေရှင်းရန် ဗဟိုဘဏ်မှ ၃ ထရီလီယံ တန်ဖိုးရှိ ငွေစက္ကူအသစ်များကို ရိုက်နှိပ်ဖြန့်ဝေခဲ့ကြောင်း ဘဏ်သတင်းရင်းမြစ်များကို ကိုးကား၍ သတင်းများကဆိုသည်။ ယင်းနောက် ဩဂုတ်လ ၉ ရက်နေ့တွင် နိုင်ငံခြားငွေလဲနှုန်းသည် အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာငွေ ကျပ် ၇၀၀၀ အထိ စံချိန်တင်ထိုးတက်သွားခဲ့သည်။
၂၀၂၃ ခုနှစ်၊ မေလမှစ၍ နိုင်ငံ့ဝန်ထမ်းများ၏ လစာကို ဒီဂျစ်တယ်နည်းလမ်းဖြင့် ပေးချေဆောင် ရွက်မှုကို စတင်ခဲ့ရာ နေပြည်တော်ရှိ ဝန်ကြီးဌာန(၃၄)ခုရှိ နိုင်ငံ့ဝန်ထမ်းများ၏ လစဉ်လစာငွေကို Payroll Service ဖြင့် ပေးဆောင်လျက်ရှိကြောင်း သိရသည်။
“ဘဏ်က ရုံးကိုလာပြီး ATM မရှိသေးတဲ့သူတွေ၊ ဘဏ်အကောင့်မရှိသေးတဲ့သူတွေကို အကောင့်အသစ် ဖွင့်ပေးပါတယ်။” ဟုနေပြည်တော်မှ ဝန်ထမ်းတစ်ဦးကပြောသည်။ သို့သော်လည်း ရန်ကုန်မြို့အတွင်းရှိ ရုံးဌာနအချို့ကမူ ဩဂုတ်လ လစာကို ငွေသားဖြင့်ထုတ်ပေးခဲ့ပြီး စက်တင်ဘာလစာမထုတ်ခင် မိမိအစီအစဉ်ဖြင့် ဘဏ်အကောင့်ဖွင့်ကာ ATM လုပ်ထားရမည်ဟု မှာကြားသည်ဟု ဝန်ထမ်းများကပြောသည်။
ထိုပြင် ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် မန္တလေးတိုင်းအတွင်းရှိ ဝန်ထမ်းများ၊ ပြည်နယ်/ တိုင်းဒေသ ကြီးအတွင်းရှိ ဝန်ထမ်းများ၏ လစာများကိုလည်း ဒီဂျစ်တယ်နည်းလမ်းဖြင့် ပေးချေလျက်ရှိရာ လစဉ်စုစုပေါင်း (၉) ဘီလျံ ကျော်အထိ ဆောင်ရွက်ပေးနေရကြောင်း သိရသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ATM စက် ၁၉၀၈ လုံး၊ မန္တလေးတိုင်းဒေသကြီးမှာ ATM စက် ၇၀၇ လုံး၊ နေပြည် တော်မှ ATM စက် ၃၃၂ လုံး တပ်ဆင်ထားရှိပြီး လိုအပ်မှုရှိလာပါက ထပ်မံတိုးချဲ့ပေးမည်ဖြစ်ကြောင်း လည်း သိရသည်။