ရခိုင့်အသံ။ Jan 23, 2012
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ဒေသကောလိပ်ကျောင်းကို လာမည့် ၂၀၁၃ ခုနှစ်တွင် စတင်တက်ရောက်နိုင်ရန် တည်ဆောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် တောင်ပိုင်းရှိမြို့နယ်များမှ ကျောင်းသားများ ဒေသတွင်းတွင် တက်ရောက်သင်ကြားနိုင်ရန်အတွက် ဒေသကောလိပ်ကျောင်း တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
“ တောက်ကုတ်၊ မာန်အောင်၊ သံတွဲ၊ ဂွ၊ ရမ်းဗြဲ၊ ကျောက်ဖြူ စတဲ့မြို့နယ်တွေက ကျောင်းသားတွေဟာ စစ်တွေအထိ သွားတက်ရတော့ လမ်းခရီးကလည်းဝေးတယ်၊ ရေကြောင်းခရီးသွားရတော့ ရာသီဥတုဒဏ်ကိုလည်း မကြာခဏကြုံတွေ့ကြရတယ်၊ သွားရတဲ့ ခရီးစရိတ်ကလည်း အကုန်အကျများတယ်၊ ဒါကြောင့် တောင်ပိုင်းဒေသကောလိပ်ကျောင်း ဖြစ်လာမယ်ဆိုရယ် ကျောင်းသားတွေအတွက် အများကြီး အဆင်ပြေနိုင်တယ်”ဟုတောင်ကုတ် မြို့ခံ တစ်ဦးကပြောသည်။
ဒေသကောလိပ်ကျောင်းတည်ဆောက်ရန်အတွက် မြေနေရာအား တောင်ကုတ်မြို့နှင့် (၂)မိုင်ခန့်အကွာတွင်ရှိ သောလယ်မြေဧက ၂၀၀ ကျော်ခန့်အား သတ်မှတ်ကာ လယ်ပိုင်ရှင်များနှင့် သဘောတူညီမှုရယူ၍ တစ်ဧကလျှင် (၆သိန်းခွဲ)ကျပ်အား လျှော်ကြေးငွေအဖြစ်ပေးပြီး ၂၀၁၁ ခုနှစ်က လယ်မြေဧက ၁၇၅ ဧက ရရှိထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
တောင်ကုတ်တွင် ဒေသကောလိပ်ဆောက်လုပ်ရန် မြေနေရာတိုင်းခြင်းလုပ်ငန်းများကို မြို့နယ် မြေစာရင်းရုံးမှ ကွင်းဆင်းတိုင်းတာပြီးစီးထားပြီဖြစ်သည်။
ကျောင်းဆောက်ရန်အတွက် ကုန်ကျမည့်ငွေများကို ရပ်မိရပ်ဘ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များမှ အလှူငွေများ ထည့်ဝင်ကာ တောင်ကုတ်မြို့ရှိ ရွှေပန်ထိမ် ဆိုင်ရှင်များမှတစ်ဦးလျှင်တစ်သိန်းကျပ်၊ တည်းခိုရိပ်သာ များမှလည်း တစ်ဦးလျှင် ငါးသိန်းကျပ်၊ စသည်ဖြင့် အလှူများထည့်ဝင်ထားကြရာ လက်ရှိတွင် အလှူငွေစုစုပေါင်း သိန်(၈၀၀) ကျော်ရရှိထားပြီး လယ်ပိုင်ရှင်များမှာလည်း (၁၀) ဧက နှင့် အထက် ပါဝင်သူများ ကျောင်းဆာက်လုပ်ရန်အတွက် လယ် တစ်ဧကစီလှူပေးထားပြီး အဝေးရောက် အလှူရှင်များမှလည်း ဆက်သွယ်ထားပြီး ဖြစ်ကြောင်း သတင်းရရှိပါသည်။