ရခိုင့်အသံ။ Feb 11, 2012
ရခိုင်ပြည်နယ် သံတွဲမြို့တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့နံနက်ပိုင်း က မြို့မဈေးကြီး မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ပြီးဈေးဆိုင်ခန်း ၄၀၀ကျော်မီးထဲ ပါသွားကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့နံနက်ပိုင် ၅နာရီခန့်တွင် သံတွဲမြို့မဈေးကြီးမီးလောင်ကျွမ်းရာ ဆိုင်ခန်း ၅၀၀ နီးပါးရှိသည့် အနက် ၄၀၀ကျော်မီးထဲပါသွားကြောင်း သံတွဲဒေသခံတစ်ဦးကပြောသည်။
“မီးကဘယ်ကစလောင်တယ်ဆိုတာ မသိရသေးဘူး၊လောင်တာက မနက်စောစော ငါးနာရီက ကတည်းက စလောင်တာ၊ အများစုကတော့ လျှပ်စစ်မီးကြောင်းလို့ပြောနေကြတယ်၊ ဈေးတွင်းမှာ လျှပ်စစ်မီးကညနေ၅ နာရီဆိုရင် မီးပိတ်ပြီ၊ မနက် ၇နာရီမှ ဖွင့်တာ၊ ဈေးတခုလုံးနီးပါးလို့လဲဆိုနိုင်တယ်၊ လောင်တာက ဘာမှ မကျန်လိုက်ဘူး” ဟု အဆိုပါဒေသခံက ပြောသည်။
မီးလောင်ကျွမ်းရာတွင် ဈေးမျက်နှာစာ က ဈေးဆိုင်တန်းတစ်ခုနှင့် အင်္ဂလိပ်ခေတ်က ဆောက်ထားခဲ့သည့် အဆောက်အဦး များသာ မီးလွတ်ခဲ့ပြီး ကျန်ဆိုင်တန်းများမှာ မီးထဲပါဝင်သွားကြောင်းလည်းသိရသည်။
“ အခုစုံစမ်းနေပါတယ်၊ ဘယ်ကနေစလောင်တယ်ဆိုတာကို၊ အခု မီးလောင်တဲ့နေရာတွေကို သန့်ရှင်းရေးတွေ လုပ်နေပါတယ်’’ဟု မြို့နယ်စည်ပင်မှ အရာရှိတစ်ဦးက ပြောသည်။
လောင်းကျွမ်းသွားသည့် ဆိုင်ခန်း အများစုမှာ ကုန်စုံဆိုင်ခန်း၊ အဝတ်အစားဆိုင်ခန်း များပါဝင်ကြောင်းလည်းသိရသည်။
၅နာရီကျော်လောက်က စတင်လောင်းကျွမ်းခဲ့ရာ ၇ နာရီကျော် အချိန်တွင် မီးငြိမ်သွားပြီး တန်ဖိုးအားဖြင့် သိန်းသောင်းချီ ဆုံးရှုံးသွား ကြောင်းလည်း ဒေသခံဆိုင်သည်များကပြောသည်။
ဇန်နဝါရီလ ၃၀ရက်နေ့ကလည်း တောင်ကုတ်မြို့တွင် ဈေးဆိုင်ခန်း ၁၃ ခန်း မီးလောင်ကျွမ်းမှုတစ်ခုလည်းဖြစ်ပွားခဲ့ကြောင်းသိရသည်။