ရခိုင့်အသံ။ Jan 30, 2012
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ဈေးကြီးအနီးတွင် ဇန်နဝါရီလ ၃၀ရက် နေ့ က မီးလောင်မှုဖြစ်ပွါးကြောင်းသတင်းရရှိသည်။
“ မီးစတင်လောင်တာကတော့ နေ့လည် ၁ နာရီမှာ စလောင်တာ၊ ၂နာရီ ၁၅ မိနစ်လောက်မှသာ မီးငြိမ်းသွားတယ်၊ မီးလောင်တဲ့အချိန် လေမတိုက်လို့သာ၊ လေတိုက်နေမယ်ဆိုရင် ဈေးဝင်းတစ်ခုလုံး ကိုလည်း မီးကူစက်နိုင်တယ်၊ မီးလောင်တဲ့နေရာအနီးမှာ သဲပုံက ရှိနေတော့ လူတွေက သဲတွေနှင့် ဝိုင်းပြီး ငြိမ်းသတ်ကြတယ်၊ ဆိုင်ခန်းတွေအားလုံးတော့ မီးထဲပါသွားတယ်၊ ” ဟု ဈေးနှင့်နီးစပ်သူ တစ်ဦးကပြောသည်။
မီးလောင်ကျွမ်းရာနေရာသည်တောင်ကုတ်မြို့ဈေးကြီးနှင့်လမ်းတစ်ခုသာခြားပြီး ချောင်းနှင့်နီးကပ်သည့် အပြင် အဆိုပါနေရာတွင် သဲပုံ များရှိကြောင်းသတင်းရရှိသည်။
မီးလောင်ရာနေရာ တွင်ရှိသော ဈေးဆိုင်တန်းတစ်ခုလုံး လောင်ကျွမ်းသွားပြီး ဆိုင်ခန်းအရေအတွက် ၁၀ ကျော်ရှိရာ ဆီဆိုင်၊ ကုန်စုံဆိုင်၊ နာရီဆိုင်၊ ဖိနပ်ဆိုင်၊ ဆေးပေါ့လိပ်ဆိုင်၊ အပ်ချုပ်ဆိုင်များဖြစ်ကြောင်းသိရသည်။
မီးစလောင်ပုံမှာ ဓါတ်ဆီအပါအဝင် ဆီမျိုးစုံရောင်းသည့် ဈေးဆိုင်မှ ကြိုးအား ဂစ်မီးဂျစ်ဖြင့် ဖြတ်ရာ ကြိုးစမှတဆင့် ကူးစက်ကာ မီးစတင်လောင်ကျွမ်းကြောင်းသတင်းရရှိသည်။
မီးလောင်ကျွမ်းသောအချိန်တွင် မီးသတ်ကား ရောက်ရှိလာသော်လည်း မီးလောင်မှုပြင်းထန်သောကြောင့် မီးငြိမ်းသတ်နိုင်ခြင်း မရှိသဖြင့် ပြည်သူများမှာ နီးစပ်ရာ ချောင်းမှ ရေများကို ဖြစ်သောနည်းဖြင့် ပက်ဖြန်းခြင်း၊ နီးစပ်ရာ သဲပုံမှ သဲများဖြင့် ပက်ဖြန်းလိုက်နိုင်ခြင်းကြောင့် မီးငြိမ်းသွားကြောင်းသတင်းရရှိသည်။