Headlines

တောင်ကုတ်မြို့နယ်တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဖွဲ့စည်း၊ မြို့နယ်ရုံးဖွင့်ပွဲ အခမ်းအနားကျင်းပ

ရခိုင့်အသံ။ Jan 29, 2012
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် ရခိုင်တိုင်းရင်းသားများတိုးတက်တက်ရေးပါတီ (ရတပ) အား ဖွဲ့စည်းခဲ့ပြီး မြို့နယ်ရုံးဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၉၊ ၂၀၁၂ ရက်နေ့က ကျင်းပခဲ့ကြောင်းသတင်းရရှိသည်။
တောင်ကုတ်မြို့နယ်တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ မြို့နယ်ရုံးဖွင့်ပွဲ အခမ်းအနားသို့ လူဦးရေ ၃၀၀ ခန့်တက်ရောက်ပြီး အခမ်းအနားသို့ ပါတီ၏ ဗဟိုရုံးချုပ်မှ ဒု-ဥက္ကဌ ဦးတင်ဝင်းကိုယ်တိုင်တက်ရောက်၍ အဖွဲ့အစည်း ဆိုင်းဘုတ်ကို တပ်ဆင်ကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
“ရခိုင်တစ်ပြည်နယ်လုံးမှာ ရှိတဲ့ မြို့နယ်တိုင်းမှာ ရတပ ပါတီ ရှိလာနိုင်ရန်၊ တစ်မျိုးသားလုံးစည်းလုံးညီးညွတ်ရေးနှင့် အမျိုးသားရေးလုပ်ငန်းများကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပြီး တောင်ကုတ်မှာ (ရတပ) အား လာရောက်ဖွဲ့စည်းရတာ ဖြစ်တယ်” ဟု ဒု-ဥက္ကဌဦးတင်ဝင်းကပြောသည်။
သံတွဲခရိုင်တွင်းရှိ တောင်ကုတ်နှင့် သံတွဲ မြို့နယ်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ရတပ) အား ဖွဲ့စည်းပြီး ဖြစ်ပြီး ကျန်ရှိနေသေးသော ဂွမြို့နယ်တွင်လည်း (ရတပ)အား မကြာခင် ဖွဲ့စည်းသွားမည်ကြောင်း ဦးတင်ဝင်းကဆက်ပြောသည်။
တောင်ကုတ်မြို့ နယ်တွင်(ရတပ)အား ဗဟိုအလုပ်အမှုဆောင် ၁၇ ဦးဖြင့် လွန်ခဲ့သော တစ်လခန့်က ဖွဲ့စည်းခဲ့ပြီး အရေးပေါ် အခြေအနေတွင် ဖွဲ့စည်းလိုက်ရသဖြင့် ပြန်လည် စီစစ်ရမည် ဖြစ်ပြီး နောက်ထပ် မျိုးဆစ်သစ် အဖွဲ့ဝင်များ ရှိလာနိုင်ရန် မျှော်လင့်ကြောင်း တောင်ကုတ်မြို့နယ် အလုပ်အမှုဆောင် ဥက္ကဌဦးမြင့်ရွှေမောင်က ပြောသည်။