Headlines

တောက်ကုတ်မြို့နယ်အတွင်းရှိကျောက်လှိုင်ဂူများသို့လူအများသွားရောက်လည်ပတ်နေ

ရခိုင့်အသံ။ Jan 17, 2012
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နယ်ခွဲ၊ ဇီးကွင်းကျေးရွာ နှင့် (၁၀) မိုင်ခန့်အကွာတွင် ရှိသောကျောက်လှိုင်ဂူများသို့ လူအများအပြား သွားရောက်လည်ပတ်နေ ကြကြောင်းသတင်းရရှိသည်။
အဆိုပါ လှိုင်ဂူများသို့ ယခင်ကထက် လူအများအပြား လာရောက်လည်ပတ်နေကြကြောင်းကို ဂူသို့လာရောက် လည်ပတ်သူများအား လမ်းပြပေးသော ဒေသခံတစ်ဦးက “ ဂူကို ဒေသခံတွေအပြင် အခြားမြို့နယ်ကလူတွေ လည်း လာရောက်လည်ပတ်ကြတယ်၊ ဒီဂူကို ယခင် အဘိုးအဘွားတွေ လက်ထက်ကတည်းကပင် သွားလည်ကြတယ်၊ ယခုနောက်ပိုင်း လာရောက်လည်ပတ်သူတွေ ပိုများလာတယ်၊ တခါတလေကျရင် မိုးရာသီတွေမှာတောင် လာလည်ကြသေးတယ်၊ ပွင့်လင်းရာသီရောက်ပြီ ဆိုတာနဲ့ လူအများအပြား လာရောက်ကြ တာ” ဟုသူကပြောသည်။
၁၉၇၂မှ၂၀၀၀ ခုနှစ်ထိ အမှတ် (၈၅) သစ်စက်အား တောင်ကုတ်မြို့နယ် ဆားပြင်တိုက်နယ်တွင် တည်ထောင်စဉ် သစ်များကို ဂူရှိရာပတ်ဝန်းကျင်မှထုတ်ယူရာ သစ်လုံးများ သယ်ယူရန် ကားလမ်းဖောက်လုပ် ထားသည့်အတွက် လူအများမှာ ဂူသို့ သွားလာရန် လွယ်ကူသဖြင့် ဒေသခံများမှာ ဂူအတွင်းတွင် ဘုရားတည်ကာ ပွဲတော်များ ကျင်းပခဲ့ကြောင်းသိရသည်။
ဂူများတစ်ခုပြီး တစ်ခုရှာဖွေတွေ့ရှိလာပုံကို “ ယခင်ကဆိုရင် ဂူကြီး တစ်လုံးကိုသာတွေ့တာ၊ ဒေသခံတွေ ရွာအနီးအနားမှာ သစ်ဝါးတွေထုတ်ယူရတာ ရှားပါးလာတဲ့အတွက် ရွာနဲ့ဝေးတဲ့နေရာတွေကို သွားရောက်ရှာဖွေကြရင်း ဂူအသစ်တွေကို တွေ့ရှိကြတယ်၊ ဒေသခံကလူတွေက စီးပွါးရေးအဖြစ် သစ်နှင့်ဝါးကိုထုတ်လုပ်ရောင်းချကြတော့ သစ်ပင်တွေရှာဖွေရင်းနဲ့ ဂူအသစ်တွေ တစ်ခုပြီး တစ်ခုတွေ့ရှိလာတယ်၊ ကျနော်သိတဲ့ဂူကတော့ (၅)လုံးလောက်ရှိတယ်၊ ” ဟုထိုသူက ဆက်ပြောသည်။
အဆိုပါဂူများကို ဒေသခံများ အခေါ်အရ လမူးဂူ၊ နွယ်ရှုပ်ဂူ၊ ငှက်ဝါဂူ၊ ဘီလူးဂူ၊ ကမာဂူ၊ ဂူသစ် အပြင် နောက်ထပ်ဂူများလည်း ရှိသေးကြောင်း၊ အဆိုပါဂူ၏ ကျောက်အမျိုးအစားမှာ ထုံးကျောက်အမျိုးအစားဖြစ် ပြီး ဂူအတွင်းရှိ ကျောက်သားနံရံများ၊ ကျောက်ဖြစ်ရုပ်ကြွင်းများမှာ ပန်းချီ၊ ပန်းပုလက်ရာများကဲ့သို့ အထူးအဆန်းသဖွယ်ဖြစ်နေကြောင်းသိရသည်။
အဆိုပါဂူများကို စိတ်ဝင်စားသူများ၊ သွားရောက်လည်ပတ်သူများမှာ ၁၉၇၂ မတိုင်မီကာလနှင့် ၂၀၀၀ ခုနှစ်နောက်ပိုင်း ကာလများတွင် ကြမ်းတမ်းသည့် တောတောင်များကိုဖြတ်ကျော်ကာ သွားရောက်လည်ပတ် နေကြကြောင်းသတင်းရရှိသည်။