ရခိုင့်အသံ။ ။ Jan 9, 2012
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင်ကျရောက်သည့် ၂၂၇ နှစ်မြောက် ရခိုင်ပြည်ကျဆုံနေ့ အခမ်းအနား တစ်ရပ်ကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်၊ ဓမ္မဝိဟာရကျောင်းတိုက် ၌ ရခိုင်လူသားချင်းစာနာမှု အထောက်အကူပြုကွန်ယက်(AHN) မှ ကမကထပြုလုပ်ကျင်းပခဲ့ရာ အာဏာပိုင်အဖွဲ့ အဖွဲ့အစည်းများမှ တစုံတရာ ဟန့်တားမှုမျိုးမရှိဘဲ လွတ်လပ်စွာကျင်းပနိုင်ခဲ့ကြောင်းသတင်းရရှိသည်။
အစိုးရသစ်လက်ထက်တွင် တိုင်းရင်းသားတို့၏ အမျိုးသားရေးရာ အခမ်းအနား လွတ်လပ်စွာ ကျင်းပနိုင်ခဲ့ ကြောင်းကို AHN မှ ယာယီဆက်သွယ်ရေးတာဝန်းခံ ကိုခိုင်က “ ယခင်က အစိုးရလက်ထက်တွေမှာ ရခိုင်ရေးရာနှင့် သက်ဆိုင်တဲ့ အခမ်းအနားမျိုးတွေကို ပြုလုပ်ခွင့် မရခဲ့ကြဘူး၊ လုပ်မယ်ဆိုရင်လည်း ပိတ်ပင်တားဆီးခံရတယ်၊ ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်၊ လုပ်ပြီးခဲ့ရင်လည်း နောက်ပိုင်းမှာ လိုက်လံဖမ်းဆီးခြင်းခံရတာမျိုးတွေ ကြုံခဲ့ရတယ် ၊ ဒီနှစ်မှာတော့ ယခုအချိန်ထိတော့ ယခင်ကလိုမျိုး မကြုံရဘူး၊ ၂၀၁၂ ခုနှစ်၊ နှစ်ဦးပိုင်းမှာ ကျနော်တို့ရဲ့ ရခိုင့်အမျိုးသားရေးရာ အခမ်းအနား တစ်ရပ်ကို လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရခဲ့တာဟာ အခု တက်လာတဲ့ အစိုးရသစ်အနေနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ခွင့် ပေးလိုက်တာလို့ ယူဆပါတယ်” ဟုသူက ပြောသည်။
အခမ်းအနားအတွင် ယခင်အစိုးရလက်ထက် (၂၀၁၀)ခုနှစ်က ထောင်ဒဏ် ၈နှစ် ၃လဖြင့် လက်ရှိတွင် မကွေးတိုင်းဒေသကြီး၊ သရက်အကျဉ်းထောင်၌ ထိမ်းသိမ်းခံထားရသည့် ရခိုင်သမိုင်း သုတေသီ အသျှင် ပညာစာရ အပါအဝင် ကျန်ရှိနေသေးသည့် နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြောင်းသိရသည်။
“ ယခင်အစိုးရလက်ထက်က အကြောင်းအမျိုးအမျိုးကြောင့် ဖမ်းဆီးထိမ်းသိမ်း ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အစိုးရသစ် အနေနဲ့ ပြန်လည်သုံးသတ်ပြီး လွှတ်ပေးလိုက်မယ်ဆိုရင် လက်ရှိအစိုးရသစ် သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းကို ကမ္ဘာက အသိအမှတ် ပြုကြလိမ့်မယ်လို့ သုံးသတ်မိတယ်” ဟုကိုခိုင်က ပြောသည်။
အခမ်းအနားတွင် အသျှင်ပညာစာရ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုးလှုပ်ရှားမှု ပြုလုပ်ခြင်း၊ AHN ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းအကျဉ်း စာရွက်များ ဖြန့်ဝေခြင်း၊ ရခိုင်နိုင်ငံ ကျဆုံး ခေါင်းစဉ်ပါ သမိုင်းအကျဉ်း စာရွက်များဖြန့်ဝေခြင်း များပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အခမ်းအနားတွင် ကွန်ယက်အဖွဲ့ဝင်များ ဖြစ်သည့် ကိုမိုးနိုင်စိုး၊ ကိုသန်းလွင်၊ ကိုဆန်းလွင်တို့က AHN သည် အဖွဲ့အစည်းတစ်ရပ် မဟုတ်သလို နိုင်ငံရေးနှင့် လုံးဝမသက်ဆိုင်သည့် ရခိုင်အမျိုးသား လူမှုကွန်ယက် တစ်ခုဖြစ်ကြောင်း၊ လူထုအကျိုးပြုလူမှုကွန် ယက်CSO (Civil Society Organization) အမျိုးအစားသာဖြစ်ကြောင်း၊ “ပရဟိတ” စိတ်ဓာတ် အပြည့်ဖြင့်သာ မိမိရပ်ရွာ၊ မိမိဒေသ အကျိုးစီးပွားကို ဆထက် ထမ်းပိုး ပိုမိုဆောင်ရွက်သွားနိုင် လိမ့်မည်ဟု ယုံကြည်ချက်ဖြင့် ရခိုင်ပြည်နယ် မြို့နယ်များမှ ရခိုင်အမျိုးသား(၁၀) ဦးတို့က Arakan Humanitarian Network (AHN ) ကို ၂၀၁၀ ခုနှစ်က စတင်ခဲ့ကြောင်း ကိုရှင်းလင်းပြောကြားခဲ့သည်ဟု သိရသည်။