Headlines

တောင်ကုတ်မြို့ ညဈေးလမ်းထိပ်တွင် ဆိုင်ကယ်တိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေ

ရခိုင့်အသံ။ ။ Jan 2, 2012

တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက် ပန်းတောင်း – တောင်ကုတ်လမ်းမကြီး ညဈေးထိပ်တွင် ဆိုင်ကယ်တိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။

အဆိုပါနေရာတွင် ဆိုင်ကယ် တိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်းကို ညဈေးထိပ်အနီးမှ အမျိုးသမီးတစ်ဦးက “ ညဈေးလမ်းဝထိပ် လက်ဝဲဘက် သံတိုင်နားမှာ ဈေးဆိုင်တစ်ဆိုင်ရှိနေတယ်၊ နောက်ပြီး လမ်းဆုံဖြစ်နေတော့ ဆိုင်ကယ်တွေ၊ ဆိုက်ကားတွေ နဲ့ အခြားယဉ်တွေကို လမ်းထိပ်က ဈေးဆိုင်နားမှာ မကြာခဏရပ်ထားကြတာ၊ ဈေးထိပ်၀ ဆိုတော့ လူတွေလည်း ရှုပ်၊ ယဉ်တွေလည်း ရှုပ်ထွေးနေတော့ လက်ဝဲဘက်က အရှိန်နဲ့မောင်းလာတဲ့ ဆိုင်ကယ်သမားတွေက ညဈေးလမ်းက ထွက်လာတဲ့သူတွေကို ဈေးဆိုင်က ကွယ်နေတော့ မမြင်ရဘူး၊ မကြာခဏဆိုသလို လမ်းထိပ်ဝမှာ ဆိုင်ကယ်တွေ တိုက်ကြတယ်” ဟု အမျိုးသမီးကပြောသည်။

ညဈေးလမ်းထိ လက်ဝဲဘက်တွင် ရှိနေသော ဈေးဆိုင်မှာ တခြား ဈေးဆိုင်များနှင့် တတန်းတည်း ရှိမနေဘဲ လမ်းဘေး ပလက်ဖောင်းကို သတ်မှတ်ထားသည့် သံတိုင်ထက်ကျော်လွန်ကာ လမ်းမကြီး အနီသို့ ကပ်လျှက်ရှိနေကာ ဆိုင်ကယ်နှင့်ဆိုက်ကားများမှာ ထိုဈေးဆိုင်အနီးတွင်ရပ်ထားပါက လမ်းမကြီးထက်သို့ ရောက်နေကြောင်း အဆိုပါအမျိုးသမီးက ပြောသည်။

ဇန်နဝါရီလ ၁ ရက်၊ ၂၀၁၂ နေ့၊ တွင်လည်း ညဈေးတွင် နေထိုင်သူ အမျိုသား တစ်ဦးမှာ ညဈေးလမ်းထဲမှထွက်လာရာ လမ်းထိပ်တွင် ဆိုင်ကယ် အတိုက်ခံရ၍ ဆေးရုံ၌ သေဆုံးသွားကြောင်း သတင်းရရှိသည်။