ရခိုင့်အသံ။ ။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၂)ရက်။
ရန်ကုန်-စစ်တွေ ကုန်စည်တင်သင်္ဘောများ ထွက်ခွင့်မရသည်မှာ တစ်လနီးပါးရှိပြီး၊ စစ်တွေမြို့တွင် စားသောက်ကုန်ဈေးနှုန်း မထင်မှတ်ထားသည့် ဈေးနှုန်းများအထိ အဆမတန်မြင့်တက်လာနေကြောင်း ကုန်သည်များထံမှသိရသည်။
“အရင်တုန်းက ရန်ကုန်ကနေ စစ်တွေ မြို့ကို ကုန်စည်ပိုတဲ့အခါ ဗားဂရာဆိပ်ကမ်း၊ ကီလီဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်းတို့ကနေ ကုန်သင်္ဘောတွေ တလကို (၁၉)စီး လောက်ထွက်တယ်။ အခုက သင်္ဘောတွေ ထွက်ခွင့် ပါမစ် မပေးတော့တာ တလနီးပါးရှိပါပြီ” ဟု ကုန်သည်တဦးက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့မှ စစ်တွေတမြို့တည်းကိုသာ ရေလမ်းကြောင်းဖြင့်တိုက်ရိုက် ကုန်ပစ္စည်းတင်ပို့ခွင့်ရပြီး အဆင့်ဆင့်တင်ပြရခြင်း၊ ရခိုင်ပြည် အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့အကြား အချင်းချင်း ဆက်သွယ်ခွင့်ပြုချက် ရမှာသာလျှင် ကုန်ပစ္စည်းသင်္ဘောတင်နိုင်ခြင်း၊ ရန်ကုန်မှ စစ်တွေသို့ ခွင့်ပြုရေလမ်းကြောင်းအတိုင်းသာ မည်သည့်နေရာတွင်မှ မရပ်တန့်ရပဲ တိုက်ရိုက်မောင်းနှင်ရခြင်း၊ လမ်းခရီးတွင် မည်သည့်ဆိပ်ကမ်းတွင်မျှ ကုန်ပစ္စည်းတင်ချခွင့်မပြုခြင်း စသည့် အကန့်အသတ် စိန်ခေါ်မှုများရှိကြောင်း ကုန်သည်များကဆိုသည်။
ယခင် သင်္ဘောများ ပုံမှန်ထွက်ခွင့်ရစဉ်က ရန်ကုန်မှာ ကြက်သွန်နီတစ်ပိဿာလျှင် ရန်ကုန်မှ ၃၀၀၀နှုန်းဖြင့် တင်ပို့ပြီး စစ်တွေမြို့တွင် ၅၀၀၀ ဖြင့် အရောင်းဝယ်ဖြစ်ကာ ကုန်စည်တင်ပို့ခွင့် ပိတ်လိုက်သည့်အတွက် စစ်တွေမြို့တွင် ကြက်သွန်နီတစ်ပိဿာ နှစ်သောင်းခန့်အထိဈေးနှုန်းမြင့်တက်နေကာ အခြားကုန်စည်များမှာလဲ မထင်မှတ်သည့် ဈေးနှုန်းများဖြစ်နေကြောင်း သိရသည်။
“ကျွန်တော်တို့ သင်္ဘောတင်မယ့် ကုန်ပစ္စည်းအမျိုးအမည်နဲ့ အရေအတွက်ကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို လျှောက်လွှာတင်ရပါတယ်။ အရင်က နယ်/လုံဝန်ကြီးက စိစစ်ပြီးခွင့်ပြုရင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ကုန်တင်သွင်းခွင့်ပြုကြောင်း စာပို့တယ်၊ အဲ့ဒါဆို ကုန်တင်လို့ရပြီ။ အခုက နယ်/လုံ ခွင့်ပြုချက်တစ်ခုတည်းနဲ့ မရတော့ဘူး၊ နပခ စစ်တိုင်းမှူးဆီကပါ ခွင့်ပြုချက်စောင့်ရတယ်။ တိုင်းမှူးက ခွင့်ပြုမှ ရခိုင်ပြည်နယ် အစိုးရက ကုန်တင်ပို့ခွင့်ပြုကြောင်း ပစ္စည်းအမျိုးအမည်နဲ့ အရေအတွက်ကို ရန်ကုန်တိုင်းအစိုးရဆီ စာပို့ပြီး အကြောင်းကြားတယ်။ အဲ့ဒီခွင့်ပြုစာရမှ ရန်ကုန်တိုင်း အစိုးရက ကုန်သည်ကို ဆက်သွယ်ပြီး ကုန်တင်ခွင့်ပြုကြောင်းပြောမှ တင်ရပါတယ်။ အဲ့ဒီအတွက် ကုန်ပစ္စည်း တစ်ခေါက်ပို့နိုင်ဖို့ ခွင့်ပြုချက်ရတဲ့အထိ အချိန် တစ်လလောက်ကြာပါတယ်” ဟု ကုန်သည်ကပြောသည်။
ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ကုန်ဈေးနှုန်းမြင့်တက်မှု၊ အစားသောက်နှင့် ဆေးဝါးပြတ်လပ်မှုအပြင် အလုပ်အကိုင် ရှားပါးမှုကိုပါ ရင်ဆိုင်နေရကြရပြီး လက်ရှိတွင် စစ်တွေမြို့တွင်း၌ တိုက်ပွဲဖြစ်ပွါးခြင်း မရှိသော်လည်း စိုးရိမ်မှုကြောင့် မြို့မှရှောင်တိမ်းသူများရှိနေပြီး မြို့တွင်ကျန်ရစ်သူများမှာလည်း စားဝတ်နေရေး အခက်အခဲများ ရင်ဆိုင်နေရကြောင်း သိရသည်။
“အလုပ်ကိုင်ကမရှိ၊ စားသောက်ရေးခက်ခဲလို့ ဒုက္ခရောက်နေသူတွေလဲအများကြီးပါ။ ပြီးတော့ လူမရှိတဲ့ နေအိမ်တွေကို ဖောက်ထွင်းလုယက်တာတွေလဲရှိတော့ သွားရလာရတာလုံခြုံမှုမရှိဘူး” ဟု စစ်တွေ ဒေသခံတဦးက ပြောသည်။
ရခိုင်ပြည်အတွင်း မြို့နယ်အများစုကို AA က သိမ်းပိုက်ထားပြီး လက်ရှိတွင် မောင်တော၊ သံတွဲ(ကွင်းဝိုင်းရေတပ်စခန်း)၊ ကျိန္တလီစသည့် မြို့နယ်များတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကာ ရခိုင်ပြည်အတွင်းသို့ ပြည်မဘက်မှ ဝင်ရောက်နိုင်သည့် ကုန်းလမ်းအားလုံးကိုလည်း ပိတ်ဆို့ထားသဖြင့် ရခိုင်ပြည်နယ်အနှံ့ စားသောက်ကုန်၊ ဆေးဝါးတို့ ပြတ်လပ်နေလျှက်ရှိကြောင်း သိရသည်။