Headlines

ကော့သောင်းမှ ရနောင်းသွားမည့် (၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများကို ထွက်ခွါခွင့်ပိတ်

ရခိုင့်အသံ။ ။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၂)ရက်။

ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ နယ်စပ်ဖြတ်ကျော်သွားရောက်ကြမည့် အသက်(၁၈) နှစ်ကနေ အသက်(၃၅)နှစ်အတွင်း အမျိုးသားများကို ယနေ့တွင် ထွက်ခွာခွင့်ပိတ်ပင်လိုက်‌ကြောင်း အမည်မဖော်လိုသည့် လူဝင်မှုကြီးကြပ်ရေးအရာရှိတဦးထံမှ သိရသည်။

“အခုမနက်က ရနောင်းကနေ ထိုင်းနိုင်ငံသွားဖို့ နယ်စပ်လဝက ဂိတ်မှာ လာပြီးတန်းစီနေတဲ့လူတွေ အများကြီးပဲ။ ဒီနေ့မှ မြန်မာအစိုးရဖက်က အမိန့်ထုတ်လိုက်လို့ အားလုံးပြန်သွားကြပြီ၊ လှည့်ပြန်သွားကြတာ ၁၀၀ လောက်ရှိတယ်၊ အမျိုးသမီးတွေက ရတယ်။ အမျိုးသားတွေပဲပိတ်တာ။ အဓိကစစ်မှုထမ်းကြောင့် ပိတ်တာလို့ ထင်တယ်။” ဟု ဒေသခံတဦးက ပြောသည်။

ထိုသို့ ပိတ်ခြင်းမှာ နယ်စပ်ဖြတ်ကျော်ခွင့်ကတ်နှင့် သွားရောက်သူများကိုသာ ပိတ်ပင်တာဖြစ်ပြီး ပတ်စပို့စာအုပ်ဖြင့် သွား၍ ရကြောင်းကိုလည်း ဒေသခံများကပြောသည်။
“ကျနော်တို့က ရနောင်းကို သွားတဲ့ ခရီးသည်တွေကို မှီခိုပြီးလုပ်ကိုင်စားသောက်နေကြရတာပါ။ အခုလို့ နယ်စပ်ဖြတ်ကျော်တာပိတ်ပင်လိုက်တယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့ စားဝတ်နေရေးလွန်စွာခက်ခဲ သွားမယ်၊ ဘာအလုပ်၊လုပ်စားရမှန်းတောင် မသိတော့ပါဘူး”လို့ ကော့သောင်းနဲ့ ရနောင် စက်လှေမောင်းနေတဲ့ ကော့သောင်း ဒေသခံ တစ်ဦးကပြောသည်။
အဆိုပါ ဂိတ်မှ နယ်စပ်ဖြစ်ကျော်ခွင့်ကို (၁)ပတ် ပေးထားခြင်းဖြစ်သည်။