မြန်မာနိုင်ငံမှ စစ်ဘေးရှောင်ကလေးတွေဟာ ပညာရေးအတွက် အခက်အခဲတွေ များစွာ ရှိနေပါတယ်။
အခုဆိုရင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို စစ်ရှောင်လာကြရတဲ့မြန်မာမိသားစုအများစုက ကလေးငယ်အများစုဟာ ထိုင်းနိုင်ငံတွင် ပညာဆက်လက်သင်ကြားဖို့အတွက်ကို အခက်အခဲ များစွာနရှိနေပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်သည် လူငယ်မျိုးဆက်တွေအပေါ်မှာ များစွာအကျိုးသက်ရောက်မှုရှိပြီး ကလေးငယ်တွေရဲ့ ပညာရေးဟာဆိုရင် အင်မတန်မှ အရေးကြီးလှတဲ့ အခန်းကဏ္ဍ ကနေပါဝင်နေ ပါတယ်။
၂၀၂၁ စစ်ကောင်စီတပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ အနာဂတ်ကလေးငယ်တွေရဲ့ ပညာရေးလမ်းကြောင်းဟာဆိုရင် ပြတ်တောက်သွားခဲ့ကြရပြီးတော့ ပညာကို ဆက်လက်သင်ယူဖို့ အတွက်ကို စိန်ခေါ်မှုတွေ များစွာ ရှိနေပါတယ်။
ဒါ့အပြင် စိန်ခေါ်မှုများစွာနဲ့ရင်ဆိုင်နေကြရတဲ့ကလေးငယ်တွေအများစုထဲမှာမှ ထိုင်း-မြန်မာနယ်စပ်သို့ စစ်ဘေးရှောင်ရင်း ရောက်လာကြတဲ့ မြန်မာကလေးငယ်အများစုဟာဆိုရင် ဆက်လက် ပညာ သင်ယူနိုင်ဖို့အတွက် အဟန့်အတား အခက်အခဲတွေများစွာရှိနေကြပါတယ်။
ပြည်တွင်းမှာ စစ်ကောင်စီတပ်က နေ့စဉ် ရက်ဆက် လိုက်လံဖမ်းဆီးမှုတွေကြောင့် ထိုင်း-နိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာရတဲ့ မိသားစုတွေများစွာရှိပါတယ်။ ထိုအထဲကမှ မောင်ကောင်းမြတ် တို့ မိသားစုလည်းပါဝင်ပါတယ်။ မောင်ကောင်းမြတ်ဟာဆိုရင် အသက် (၁၀)နှစ်ရှိနေပြီဖြစ်ပြီး ကျောင်းမတက်တာ(၄)နှစ်ကျော် ရှိနေပြီဖြစ်တယ်။
မောင်ကောင်းမြတ်ဟာ ကျောင်းစာသင်ခန်းတွေနဲ့ဝေးကွာခဲ့တာ ကြာလာပြီဖြစ်တဲ့အခါ ပတ်ဝန်းကျင်က ကလေးငယ်တွေနဲ့ သဟဇာတ ဖြစ်ဖို့ပါ အားနည်း လာတဲ့ အနေအထား တစ်ခုဖြစ်လာပါတယ်။
ဒါ့အပြင် မောင်ကောင်းမြတ်ရဲ့အမေဟာ CDM အထက်တန်းပြ ကျောင်းဆရာမ တစ်ယောက်ဖြစ်ပြီး ၂၀၂၁ ဂျူလိုင် (23) ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းကို ခံခဲ့ရကာ ထောင်ဒဏ် (၁၀)နှစ်ချမှတ်ခံရကာ ယခုအချိန်ထိ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။ မောင်ကောင်းမြတ်ဟာ ထိုင်းနိုင်ငံသို့ အဒေါ်ဖြစ်သူ နှင့် အတူရောက်ရှိလာပြီး ကလေးငယ်မှာ ပတ်ဝန်းကျင်နှင့်ဆက်ဆံမှုတွေ အားနည်းကာ၊ အမေကို လွမ်းဆွတ်တမ်းတနေပြီး အမေ ပြန်လာမယ့် ရက်ကိုပဲ မျှော်လင့်စောင့်ဆိုင်းနေသော ကလေးငယ်တစ်ဦးဖြစ်ကာ အဒေါ်ဖြစ်သူမှာ စားဝတ်နေရေး အတွက်ကိုသာ ပိုမို ကြိုးပမ်းနေထိုင် ရုန်းကန်နေရပါတယ်။
ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိနေတဲ့ မောင်ကောင်းမြတ်နှင့်အတူ စစ်ဘေးရှောင်ကလေးငယ် အများစုဟာဆိုရင် ကျောင်းဆက်တက်ဖို့ အဆင်မပြေတာကြောင့် ကျောင်းဖွင့်ချိန်ရောက်တိုင်း မိဘ တွေဟာ စိတ်မကောင်းဖြစ်ကာ သူတို့ရဲ့ သား၊ သမီးတွေကို ကျောင်းဆက်ထားနိုင်ဖို့အတွက်ကို များစွာ မျှော်လင့်နေကြပါတယ်။
မောင်ကောင်းမြတ် အပါအဝင် တစ်ချို့ကလေးငယ်တွေဟာဆိုရင် ကျောင်းအပ်ဖို့အတွက် ကျောင်းဝင်ကြေး၊ ကျောင်းလခ၊ ကျောင်းကားခတွေ မပေးနိုင်တာကြောင့် ကလေးတွေကျောင်းတက်ဖို့အတွက် အခက်အခဲတွေ ဖြစ်နေကြရပါတယ်။ ဒါ့အပြင် စစ်ဘေးရှောင်လာကြတဲ့မိသားစု အများစုဟာ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် အထောက်အထားတွေ အပြည့်အစုံမရှိတာကြောင့် အသက်ရှင်သန်ရပ်တည် ရေးတွေလည်း ကလေးတွေကို ကျောင်းမပို့နိုင်တဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရပြီး ကလေးငယ် တွေဟာ စာသင်ရမယ့်အရွယ်တွေကို ကျော်လွန်ကာ ကျောင်းစာသင်ခန်းတွေနဲ့ ဝေးကွာလျှက်ရှိလာပါ တယ်။
ထိုင်း နိုင်ငံ မဲဆောက်မြို့မှာဆိုရင်လည်း မြန်မာကလေးငယ်များကို စာသင်ပေးနေတဲ့ ကျောင်းပေါင်း (၈၀)ကျော်ရှိပြီး ကျောင်းသားဦးရေမှာ (၁၅၀၀)ကျော် ပညာသင်ကြားနေတယ်လို့လည်း သိရပါတယ်။ ပြည်တွင်းစစ်ဘေးရှောင်တွေ များပြားလာတဲ့အတွက်လည်း နှစ်စဉ် ကျောင်းသားဦးရေဟာ (၂)ဆကျော် အထိ မြင့်တက်လာနေတာကိုလည်း ရွေ့ပြောင်းကျောင်းတစ်ခုကနေ တစ်ဆင့် သိရပါတယ်။ ဒီလို နှစ်စဉ် ကျောင်းသားဦးရေ များစွာတိုးလာပေမယ့် စစ်ရှောင်လာတဲ့ မြန်မာကလေးငယ်တွေရဲ့ အနာဂတ်ပညာရေးကတော့ ဝေဝါးနေဆဲပါ။
ဇာဇာမော်