ရခိုင့်အသံ။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၂၅)ရက်
အမျိုးသမီးများခေါင်းဆောင်မှုနှင့် စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲကို ထိုင်း- မြန်မာနယ်စပ်ရှိ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) ဗဟိုဌာနချုပ်ရုံးတွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၂၅)ရက်နေ့က ပြုလုပ်ခဲ့သည်။
သင်တန်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ AASYC ၏ အထွေထွေအတွင်းတွင်းရေးမှူး မခင်မာထွေးက “ကဏ္ဍအသီးသီးတွေမှာ ရခိုင်အမျိုးသမီးတွေဟာ ပါဝင်မှု အားနည်းနေသလို နိုင်ငံရေး ဦးဆောင်မှုကဏ္ဍမှာ ပါဝင်မှု အားနည်းနေတာတွေ့ရတယ်။ ရခိုင်အမျိုးသမီးတွေဟာ ကဏ္ဍတိုင်းမှာ အရည်အချင်းပြည့်ဝစွာနှင့် ပါဝင်လာဖို့ လိုအပ်တယ်။ အမျိုးသမီးတွေဟာ တန်းတူအခွင့်ရရှိဖို့နှင့် အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ လျော့နည်းလာစေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်တယ်” ဟု ပြောသည်။
AASYC မှ ပြုလုပ်သည့် အမျိုးသမီးများ ခေါင်းဆောင်မှုနှင့် စွမ်းရည်မြှင့်သင်တန်းကို (၃) လတာ ပြုလုပ်မည်ဖြစ်ပြီး ရခိုင်အမျိုးသမီးများနှင့် ရခိုင်ဌာနေတိုင်းရင်းသား အမျိုးသမီးများ (၁၅) ဦးနှင့် အမျိုးသား (၅) ဦး တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်ရခြင်းနှင့် ပတ်သက်၍ သင်တန်းသူ ရခိုင်ဌာနေတိုင်းသား အမျိုးသမီးတဦးက “ အုပ်ချုပ်ရေးကဏ္ဍတွေမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနှင့် တန်းတူ ပါဝင်ဖို့ လိုအပ်တယ်။ ပုခက်လွှဲတဲ့ လက်က ကမ္ဘာကို လွှမ်းမိုးရမယ်ဆိုတဲ့ စကားပုံအတိုင်း အမျိုးသမီးတွေဟာ နိုင်ငံရေး အသိ၊ လူမှုရေးအသိ၊ ပညာရေး အသိတွေ အများကြီးရှိဖို့လိုတယ်။ ဒါမှလည်း ရခိုင်လူမှုဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်တွင် အမျိုးသမီးစွမ်းရည်မြှင့် ရက်ရှည်သင်တန်းပြုလုပ်မှုနည်းပါးနေသဖြင့် ထိုကဲ့သို့ အမျိုးသမီးများအတွက် စွမ်းရည်မြှင့် ရက်ရှည် သင်တန်းများ ပြုလုပ်ရန် လိုအပ်နေကြောင်းကို သင်တန်းသူ တဦးက ပြောသည်။
“ရခိုင်မှာက ရက်တို အသိပညာပေး သင်တန်းတွေကိုသာ ပြုလုပ်လေ့ရှိကြတယ်။ အခုလို (၃) လတာ သင်တန်းမျိုး လုပ်တာ အားနည်းတယ်။ ကျမတို့ ရခိုင်က ဖွံ့ဖြိုးမှု နှောင့်နှေးဆုံး ဒေသတခုဖြစ်တယ်။ ကျမတို့မှာ ဘာသာရေးအရ၊ ယဉ်ကျေးမှုအရ ဖိနှိပ်မှုတွေ အများ ကြီးရှိတယ်။ ဖိနှိပ်မှုတွေက ရုန်းထွက်နိုင်ဖို့အတွက် အမျိုးသမီး စွမ်းရည်မြှင့်သင်တန်းတွေ တက်ဖို့ လိုအပ်ပါတယ်။ ဒီလို သင်တန်းမျိုးတွေမှာ ရခိုင်အမျိုးသမီးတွေ များများ တက်စေချင်ပါတယ်” ဟု သင်တန်းသူ တဦးက ပြောသည်။