ဒေသခံ လက်ယက်ရေနံတွင်း လုပ်သားတို့ စံပျော်ရာ မလကျွန်းသို့ ဧပြီလ နောက်ဆုံးပတ်က ဒုတိယ
အကြိမ်ရောက်ရှိခဲ့ပြီး ထိုနေရာမှာ ကျောက်ဖြူမြို့နှင့် ခြောက်မိုင်အကွာ၊ ဓါတ်ငွေ့ သန့်စင်စက်ရုံ (OGT)နှင့်
၂ဖာလုံခန့်အကွာ၊ မလကျွန်း၊ လိပ်ခမော်ကျေးရွာ အနောက်ဘက် ပင်လယ်ကမ်းခြေတွင်ရှိပြီး ဂုန်းချွိန်၊ရေနံ
တောင်၊ မင်းပြင်၊ ဇ င်ချောင်း၊ကလန့်တဲအုပ်စု ကျေးရွာများရှိဒေသခံများမှ လာရောက်တူးဖော် လုပ်ကိုင်နေကြ
ခြင်းဖြစ်သည်။
ယခုမြင်ကွင်းသည်ကား၂ဝ၁၁ ခုနှစ်က ပထမအကြိမ် သွားရောက်ခဲ့စဉ်က တွေ့မြင်ခဲ့ရသည့် မြင်ကွင်းနှင့် မတူတော့၊ အလွန်တရာ ကွဲပြား၍ နေလေ၏။ ၂၀၁၁ခုနှစ်က အဆိုပါလက်ယက် ရေနံတွင်းရှိရာသို့သွားခဲ့စဉ် လမ်းတစ်လျှောက်၌ ရေနံစိမ်းများ သယ်ယူ လာသည့် နွားလှည်းများ၊ ထော်လာ ဂျီများကို အဆက်မပြတ် တွေ့မြင်ခဲ့ရသည်။
ရေနံလုပ်ကွက်ကိုအဝေးမှ လှမ်းမြင်လိုက်ရသည်မှာ ပင် လယ်ကမ်းခြေတွင် နတ်သမီးကျောက်ဆောင်အနီး အပန်းဖြေ စခန်းတစ်ခု တည်ဆောက်ထားသကဲ့သို့ သာယာလှပ၏။ ရေနံတူးသူများ၊ ဈေးဆိုင်ခန်းများ၊ ရေနံဝယ်ယူသူများ၊ ရေနံတွင်း
ပိုင်ရှင်များ၊ လာရောက်လေ့လာ သူများဖြင့် အလွန်ပင်စည်ကားလှသည့် နေရာတစ်ခု ပင်ဖြစ်နေသည်။
လက်ယက်ရေနံတွင်းပေါင်းထောင်ကျော်ခန့်ရှိပြီး ရေနံ အထွက်နှုန်းကောင်းသဖြင့် ရေနံတွင်းပိုင်ရှင်
များက “ရေနံ” ဟုမခေါ်တော့ပဲ “ ရွှေရည်၊ ငွေရည်” ဟု တင်စား ခေါ်ဝေါ်သူများလည်း ရှိခဲ့သည်။
ရေနံတူးသူများမှာ ရေနံအထွက်နှုန်း ကောင်းသဖြင့် နေ့ရော ညပါလုပ်ကိုင်ကြရာ ဝင်ငွေများစွာရရှိသည့်အတွက် ၎င်းတို့၏မျက်နှာမှာ အပြုံးပန်းများ ဝေဆာလျှက် လေ့လာရန် ရောက်ရှိလာသည့် ဧည့်သည်များကို လှိုက်လှဲပျူငှာစွာဆက်ဆံကြပြီး လုပ်ငန်းအောင်မြင်မှု အနေအထားကို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့ကြသည်။
ယခုမှာတော့ ထိုအရာတို့သည် ပျောက်ကွယ်သွားခဲ့ပြီး။ ယခင်ကထောင်ချီရှိခဲ့သည့် ရေနံတွင်းမှာယခု
တော့ ရာဂဏန်းလောက်သာ ရှိတော့သည်။ ရေနံအထွက်နှုန်းမှာလည်း အလွန် လျော့နည်းသွားခဲ့လေပြီ။လူဦးရေမှာလည်း နည်းသွားပြီး ဈေးဆိုင် ခန်းများကိုပင် မတွေ့ရတော့။ရေနံတွင်းများအနေအထားမှာလည်း ကျိုးတိုးကျဲတဲနှင့် မြင်ကွင်းက ကြည့်၍ မလှတော့ပါ။
အသက် ၆၃ ခန့်ရှိသောရေနံ လုပ်သား တစ်ဦးက “ ဒီနေရာကို ရေနံတူးမယ့်သူတွေ အနယ်နယ်အရပ် ရပ်က လာကြတယ်။ အယင်ကဆိုရင်အိမ်ထောင်စု ၅၀၀ လောက်တောင်ရှိတယ်။ အခုဆိုရင် တစ်ရာကျော် လောက်သာ ရှိတော့တယ်။ ဟိုက
ဂစ်ထုတ်တော့ ကျွန်တော်တို့ ရေနံလုပ်သားတွေကို ထိခိုက်လာတယ်။ အယင်က တစ်ဗူးရရင် အခုကဗူးဝက်
လောက်တောင် မရတော့ဘူး၊ တွက်ချေ မကိုက်တော့ ပြန်သွားကြ ပြီးပေါ့” ဟု ဆိုသည်။
မလကျွန်းမှ ရေနံလုပ်သားတစ်ဦးကလည်း “ ကျွန်တော် ဒီရေနံတူးစားလာတာ သုံးနှစ်လောက်ရှိပြီ၊
အယင်က ဆိုက်ကား နင်းစားတာတစ်ရက်လုံး အလွန်တရာ ပင်ပန်းခံမှ၃ဝဝဝ လောက်ရတယ်။သူများတွေရေနံတူးတာ အဆင်ပြေတော့ ကျွန်တော် လည်း ရေနံတူးစားတာ။ ကျွန်တော့်မှာ ရေနံတွင်း သုံးတွင်းရှိတယ်။ဟို ရေနံတွင်းကဆိုရင် ရေနံပေါက်ထွက်လို့ တစ်ညနှင့်တစ်ရက်မှာ ၃ဒရမ်း ရတယ်၊။ ကျွန်တော့်တွင်းအနားက ဆိုရင် တစ်ညနဲ့တစ်ရက်မှဒရမ်း နဲ့
၁၆ လုံးရတယ်၊ ဂုတော့ မထွက်တော့ဘူး၊ ဆီက ဆုတ်သွားပြီ၊ ၁ ရက်မှာမှတစ်ဗူးလောက်သာ ရတော့တယ်” ဆို
ပြီး ရှင်းပြသည်။
ရေနံတွင်းတူးရာ၌ရေနံထွက်ရှိရန်ယခင်က အများဆုံး ၁၅ ရက်ခန့်သာ တူးရသော်လည်း ယခုအခါ တစ်လမှ ၃လအထိကြာအောင်တူကြရကြောင်း သိရသည်။
ရေနံအထွက်နည်းသွားမှုဖြင့်ဆက်လက် မလုပ်တော့သည့် တွင်းများ အားဝယ်ကာ လုပ်ကိုင်နေသည့်ရေနံ
တောင်ကျေးရွာသားတစ်ဦးက “ ကျွန်တော့်မှာ သူများမလိုချင်လို့ ရောင်းခဲ့တဲ့တွင်းတွေကို ဝယ်ထားတာ ၉၉ တွင်းရှိတယ်။ ဒီတွင်းတွေက အားလုံးမထွက်တော့ဘူး၊ တစ်တွင်းကို တစ်အာတာ၊ တစ်ပုလင်း၊ တစ်ပုလင်းမပြည့်တဲ့ တွင်းတွေ အများကြီးပါ” ဟုဆိုပြန်သည်။
ဒေသခံ ရေနံတွင်းတူးသူများမှာ ယခင်က နေ့ရောညပါမီးချောင်းထွန်းပြီး အပြိုင်အဆိုင် ထုတ်ယူခဲ့ကြသော်
လည်း ယခုအခါ နေ့ဘက်တွင်သာ လုပ်ကြတော့ကြောင်း သိရသည်။ ဒေသခံတို့ ထုတ်ယူသည့် ရေနံ
တွင်းရှိရာနှင့် ၂ဖာလုံခန့်သာကွာဝေးသော OGT စက်ရုံမှာ တစ်ညလုံးမီးထိန် ထိန်လင်းလျက် ဓါတ်ငွေ့များ ထုတ်ယူနေချိန်တွင် လက်ယက်ရေနံ တွင်း လုပ်ကွက်မှာမှောင်မိုက် တိတ် ဆိတ်နေသည်ကို မိမိနှင့် အဖော်ပါလာသည့် ကျောက်ဖြူမြို့ခံ တစ်ဦးမှ နတ်ဘုံနတ်နန်းနှင့် ငရဲခန်းဟုပင် နှိုင်းယှဉ် ပြောဆိုလိုက်သည်။
ဒေသခံများသုံးသပ်ပြောဆိုချက်အတိုင်း လက်ယက်ရေနံတွင်းမှ ရေနံအထွက်နှုန်း လျော့နည်းသွားခြင်း မှာရခိုင့်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့ ထုတ်ယူခြင်းကြောင့်လား၊ သို့တည်းမဟုတ် လက်ယက်ရေနံတွင်းများ နှစ်ကြာလာသည့်အတွက် ရေနံထွက်နှုန်းလျော့နည်းသွားခြင်းကြောင့်လား။
မည်သို့ပင်ဆိုစေကာမှု ရခိုင့်ကမ်းလွန်မှ ထွက်ရှိသော ရွှေသဘာဝဓါတ်ငွေ့များကို တရုတ်နိုင်ငံသို့ စဉ်ဆက်မပြတ် ထုတ်လွှတ်နိုင်သော်လည်း လက်ယက် ရေနံတွင်းမှ ရေနံ အထွက်နှုန်း လျော့နည်းလာသဖြင့်ဒေသခံတို့ တင်စားခဲ့သည့် ရွှေရည်၊ငွေရည်များ မထုတ်ယူနိုင်တော့သည်မှာ အမှန်ပင်ဖြစ်သည်။
မြတ်နိုးသာ
၈.၁.၂၀၁၅