ဓညဝတီ၊ ဝေသာလီ၊ လေးမြို့ ခေတ်ကြီး များက စီးဆင်းလာခဲ့သော ရခိုင်ယဉ်ကျေးမှုအနုပညာ ဗိသုကာလက်ရာများသည် မြောက်ဦးခေတ်တွင် လာရောက်ပေါင်းဆုံခဲ့ကြသည်။ မြောက်ဦးမြို့တော်မှာ ယင်းသို့ အထင်ကရသမိုင်းကြောင်းများနှင့်အတူ ယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာလက်ရာများနှင့် အစွမ်းကုန်ထွန်းကားခဲ့သည်။ ယင်းကြောင့်မြောက်ဦးမှာ ရခိုင်တွင် အသက်တမျှအရေးကြီးဟု ပင် ဆိုရပေမည်။
မြောက်ဦးခေတ်၏ရွှေရောင်လွှမ်းသည့်၁၆ရာစုနှင့် ၁၇ရာစုကာလများသည် အင်္ဂလန်နိုင်ငံ ကျူဒါမင်းဆက်၊ အိန္ဒယနိုင်ငံမဂိုမင်းဆက်၊ မြန်မာနိုင်ငံအင်းဝ၊ တောင်ငူ၊ ဟံသာဝတီမင်းဆက်တို့နှင့် ခေတ်ပြိုင်ဖြစ်ခဲ့ကြောင်း သမိုင်းအထောက်အထားများရှိနေသည်။
သို့သော်နောက်ပိုင်းကာလများ၌ မြောက်ဦးယဉ်ကျေးမှု ထိန်းသိမ်းမှုမှာ ဥပက္ခာပြုခံရ၍ အဆိုးရွားဆုံးအနေအထားသို့ ရောက်ခဲ့ရသဖြင့် လွန်ခဲ့သော၂၀၁၂ခုနှစ် ၊မေလ၃ရက်နေ့က ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့(global heritage fund)မှထုတ်ပြန်သော အစီရင်ခံစာပါ အာရှတိုက်၏ စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသော ယဉ်ကျေးမူ အမွေအနှစ်၁၀ခုစာရင်း၏ ပဉ္စမနေရာတွင်မြောက်ဦးမြို့ကိုထည့်သွင်းသတ်မှတ်သည်အထိပင်ဖြစ်ခဲ့ရသည်။
ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့၏အဆိုအရအာရှတိုက်ရှိရှေးခေတ်ဗိသုကာလက်ရများမှာ စီးပွားရေးလုပ်ငန်းများ ကျယ်ပြန့်ထွန်းကားလာခြင်း၊ လုံလောက်သောပြုပြင်ထိမ်းသိမ်းမှုမရှိခြင်း၊ ခိုးယူလုယက်ခြင်း၊ စစ်မက်ဖြစ်ပွားခြင်းနှင့် ခရီးသွားလုပ်ငန်းများကျယ်ပြန့်လာခြင်းတို့ကြောင့် ပျက်စီးပျောက်ကွယ်မည်ဘေးအန္တာရာယ်နှင့် ရင်ဆိုင်နေရသည့် စိုးရိမ်ဘွယ်ရာနေရာများအဖြစ် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု၎င်းအစီရင်ခံစာ၌ထည့်သွင်းဖော်ပြထားသည်။
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ archaeological zone (ရှေးဟောင်းသုတေသန နယ်မြေ) monumental zone(ရှေးဟောင်းသမိုင်းဝင်အဆောက်အဦးနယ်မြေ) Protective zone (ရှေးဟောင်းပစ္စည်း အကာအကွယ်ပေးထားရာနယ်မြေ)ဟူ၍ သုံးမျိုးရှိသည်။ ဇုန်သုံးမျိုးလုံး ထိန်းသိမ်းမှုနှင့် ပတ်သက်၍ ယခုအထိထင်သာမြင်သာသော တိုးတက်မှု မရှိသေး။ မြောက်ဦးယဉ်ကျေးမှုနယ်မြေထိမ်းသိန်းမှုညံ့ဖျင်း၍ (GHF)ကအာရှတိုက်၏ စိုးရိမ်ဖွယ်ရာ ၁၀နေရာစာရင်းမှာ မြောက်ဦးကို ထည့်သွင်းခဲ့ထားခဲ့ရာ ဤသို့ နာမည်ပျက်စာရင်းတွင် ဆက်ပါနေမည်ဆိုပါက နောက်ဆုံးတွင် မြောက်ဦးမှာ ကမ္ဘာ့အမွေအနှစ်စာရင်းကတောင် မှပယ်ဖျက်ခြင်းခံရနိုင်ဖွယ်ရှိသည်။
မြောက်ဦးမြို့တော် နာမည်ပျက်စာရင်းတွင် ပါဝင်နေခြင်းမှာ ယဉ်ကျေးမှုနယ်မြေအတွင်း ရထားလမ်း၊ ကားလမ်းများဖောက်လုပ်ခြင်း၊ ဟိုတည်များဆောက်လုပ်ခြင်း၊ သက်ဆိုင်ရာဌာနက အမွေအနှစ်များ ထိန်းသိမ်းမှုအားနည်းခြင်း၊ ရှေးဟောင်းဘုရားစေတီပုထိုးများကို ပြုပြင်ရာ၌ ရှေးဟောင်းသုတေသန နည်းစနစ်နှင့် မညီခြင်းစသည်တို့ကြောင့်ပင် ဖြစ်သည်။
သမိုင်းအရ ဗိဿနိုး၊ ဟန်လင်းတို့နှင့်ခေတ်ပြိုင်ဖြစ်သည့် ရခိုင်ဝေသာလီမြို့တော်ဟောင်းနှင့် ဗိဿနိုး၊ ဟန်လင်းတို့ထက် ရှေးကျ၍ တူးဖော်တွေ့ရှိပြီးသားဖြစ်သည့် ဓညဝတီမြို့တော်ဟောင်းတို့ကို ဖြတ်လျက်မီးရထားဝန်ကြီးဌာနက ၂၀၁၀ခုနှစ်မှစ၍ မင်းဘူး၊ အမ်း၊ စစ်တွေရထားလမ်းဖောက်လုပ်ခဲ့ကြသည်။
ထို့ပြင်ရှေးဟောင်းနယ်မြေထဲ၌ ဟိုတယ်နှင့် လူနေအဆောက်အဦးများမဆောက်လုပ်ရန် ရှေးဟောင်းသုတေသနဌာနမှ တားမြစ်ထားသည့်ကြားမှပင် ဇုန်နယ်အတွင်း အဆောက်အဦးများကို ပြောင်ပြောင်တင်းတင်း ဆောက်လုပ်နေကြဆဲ ဖြစ်သည်။
သဇင်ပန်းခိုင်တမြိုင်မြိုင်၊ရခိုင်ဘုရားပေါင်းစာချိုးနှင့်အညီ မြောက်ဦးယဉ်ကျေးမှုဒေသတွင် ဗုဒ္ဓရုပ်ပွားတော်အများဆုံးကို ဖူးမြင်ကြရပြီး ကျောက်ဆစ်ဆင်းတုအများစုမှာ ကျိုးပဲ့ပျက်စီးကာ မြင်မကောင်းရူမကောင်း လောက်အောင်ပင်ခြုံနွယ်များ ပိတ်လျက်ရှိသည်။
အေဒီ၁၅၃၅ခုနှစ်က ရခိုင်ဘုရင်မင်းဗာကြီးတည်ခဲ့သည့် သျှစ်သောင်းပုထိုးကြီး၏ ဂူနံရံများ အက်ကွဲလျက် ခေါင်းမိုးမှ မိုးရေများစိမ့်ကျနေသည်။ အေဒီ၁၅၅၃ခုနှစ်က ဘုရင်မင်းတိက္ခာတည်ထားခဲ့သည့် ကိုးသောင်းပုထိုးတော်ကြီးမှာ အမိုးအကာမဲ့ အဆိုးရွားဆုံး အနေအထားသို့ ရောက်ရှိနေပြီး၊ အေဒီ၁၅၂၅ခုနှစ် မင်းခေါင်ရာဇာတည်ထားခဲ့သည့် လောင်ပွန်းပြောက်စေတီ၏ တံတိုင်းပတ်လည်ရှိ ရှေးခေတ်လက်ရာ ရောင်စုံအုတ်ချပ်များမှာလည်း ယခုအခါ လုံးဝပျောက်လုနီးပါးဖြစ်နေပေသည်။
ရခိုင်လူမျိုးတို့အတွက် အသက်တမျှ တန်ဖိုးထားရသည့် နန်းတော်ရာမှာလည်း မြေကျင်းများတူးကာ မြက်ပင်များ ဖုံးလွှမ်းနေပြီး နန်းတော်ရာကုန်းဧရာယာအတွင်းတွင် ကျောင်း၊ ဆေးရုံ၊ ရဲစခန်းစသော အဆောက်အအုံများ၊ အိမ်သာ၊ ဈေးဆိုင်ခန်းများ အစီအရီရှိနေသည်။ နန်းတော်ရာကုန်းတံတိုင်း ပြန်လည်ပြုပြင်ထားသည်မှာလည်း အချို့နေရာများမှာ ကစဉ်းရိုးဆည်ထားသကဲ့သို့ပင်ရှိ၏။
ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းနေသည်ဆိုသူတို့၏ လုပ်ဆောင်ချက်များသည် ရခိုင်တို့၏ ရှေးဟောင်း အမွေအနှစ်များကို ရည်ရွယ်ချက်ရှိရှိစနစ်တကျ ဖျက်ဆီးနေသကဲ့ဖြစ်နေရာ ရခိုင်တို့၏ အသက်တမျှ အရေးကြီးလှသော ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များမှာ ပျက်စီးချင်တိုင်း ပျက်စီနေပေသည်။ မည်သို့ပင်ဆိုစေ ရခိုင်လူမျိုးတို့၏ အသည်းနှလုံးဟု တင်စားထားသည့် မြောက်ဦးရှေးဟောင်းမြို့တော် ယဉ်ကျေးမှု အမွေအနှစ် များမှာ တစတစမြေခ ကြွေကျလျက်ရှိနေသည်မှာ မျက်မြင်ဒိဋ္ဌပင်ဖြစ်သည်။
ဝတီမိုး
၂၇.၁၂.၂၀၁၅