Headlines

ရာသီပြောင်းလဲ နိုင်ငံရေး

ရာသီပြောင်းလဲနိုင်ငံရေး(The Politics of Climate Change)ဆိုသည်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် အကျိုး
သက်ရောက်စေသော နိုင်ငံရေးဖြစ်စဉ်မျိုးကို ဆိုလိုပါသည်။ ရာသီဥတုဖောက်ပြန်မှုကို အသုံးချ၍ နိုင်ငံရေး အမြတ် ထုတ်ခြင်းသည်လည်း ဤဖြစ်စဉ်ထဲ၌ အကျူံးဝင်သည်။

ရာသီဥတုပြောင်းလဲလာခြင်းမှာ လူတို့၏ လုပ်ဆောင်ချက်များကြောင့် ကမ္ဘာကြီးပူနွေးလာခြင်းမှ အစပြုခဲ့သည်။ စက်မှု ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အထိန်းအကွပ်မဲ့ သစ်တောများ ခုတ်ထွင်မှု၊ စက်ရုံ များမှ ထွက်သော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့များ၊ လေအေးစက်နှင့် ရေခဲသေတ္တာသုံး ကာဗွန်ဖလိုရိုဒ်များ ကြောင့် ကမ္ဘာ့လေထုလွှာများအနက် ဤကမ္ဘာမြေကိုကာကွယ်ပေးနေသော အိုဇုန်းလွှာပေါက်ပြဲမှုကြောင့် ကမ္ဘာ ကြီး ပူနွေးလာစေခြင်းဖြစ်သည်။

ယင်းသို့ ကမ္ဘာကြီးပူနွေးလာမှုမှအစပြု၍ ကမ္ဘာ့ရာသီဥတုတို့သည်လည်း တဖြည်းဖြည်းနှင့် ပြောင်းလဲမှုပြင်းထန် လာရာ..ရာသီဥတုဖေါက်ပြန်ခြင်းများထိပင် ဖြစ်လာရလေသည်။သာဓက အားဖြင့် ၂၀၀၄ ခုနှစ်တွင် အင်ဒိုနီးရှား မှ စတင်ခဲ့သည့် ဆူနာမီငလျင်၊ ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် တရုတ် နိုင်ငံ၌ လှုပ်ခတ် ခဲ့သည့် စီချွမ်မြေငလျင်၊၂၀၁၀ခုနှစ်တွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၌ တိုက်ခတ်ခဲ့သည့် ဂီရိ ဆိုင်ကလုန်းမုန်တိုင်း နှင့် ယခုနှစ်(၂၀၁၅) ဇူလိုင်လကုန်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ တိုက်ခတ် ခဲ့သည့် ကိုမန်-ဆိုင်ကလုန်းမုန်တိုင်း စသည်တို့မှာ ကမ္ဘာကြီးကိုခြိမ်းခြောက်စိန်ခေါ်နေသော ဘေးဒုက္ခကိုဖြစ်စေသည့် ကြောက်မက်ဘွယ်ရာ သဘာဝဘေးအန္တရာယ်များပင် ဖြစ်လေသည်။

သဘာဝဘေးအန္တရာယ်ကိုအကြောင်းပြု၍ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပွားစေသလို၊ သဘာဝဘေးအန္တရာယ်ကိုခုတုံးလုပ်၍နိုင်ငံရေးအမြတ်ထုတ်မှုများလည်းရှိနေသည်။၂ဝ၁၄ခုနှစ်မေလ၊ အိုကလာ ဟိုးမား၌ဖြစ်ပွားခဲ့သော “တိုနေးဒိုး” လေဆင်နှာမောင်း တိုက်ခတ်မှုက ရွေးကောက်ပွဲကို များစွာ အကျိုး သက်ရောက်စေခဲ့သည်။ ထို့အတူ နီပေါငလျင်သည်လည်း ဒေသတွင်း ရှိ အိန္ဒိယ-နီပေါဆက်ဆံရေးနှင့် နီပေါ-တရုတ်ဆက်ဆံရေးအပေါ် နိုင်ငံရေးအရ များစွာအကျိုးသက်ရောက်စေခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၀၈ခုနှစ်မေလအတွင်း လူပေါင်း ၁ သိန်း ၃ သောင်းကျော် သေဆုံး ခဲ့ရသော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကို စစ်အစိုးရက အသုံးချပြီး၊ စစ်အာဏာရှင်စနစ်နှင့် မဟာဗမာလူမျိုးကြီးဝါဒ ရာသက်ပန်
တည်မြဲစေရေးအတွက် ၎င်းတို့ တဖက်သတ် စိတ်ကြိုက်ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓမ္မ အတည်ပြု၍ နိုင်ငံရေးအမြတ်ထုတ်ခဲ့ကြသည်။ ၂၀၁၀ခုနှစ်၊ အောက်တိုဘာလ အတွင်းက ရခိုင်ပြည်တွင် လူပေါင်း နှစ်ရာကျော် သေဆုံးစေပြီး ကာလတန်ဘိုးသိန်းပေါင်း မြောက်များစွာပမာဏပျက်စီးဆုံးရှုံးစေခဲ့သည့် ဂီရိ ဆိုင်ကလုန်းမုန်တိုင်းကို အသုံးချ၍ စစ်အစိုးရသည် (၂၀၀၈) ဖွဲ့စည်းပုံကို အသက်ဝင်စေသည့် ၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပကာ နိုင်ငံရေးအမြတ် ထုတ်ခဲ့ကြ ပြန်ပါ သည်။

ယခုလည်း ဇူလိုင် တတိယအပတ်မှ သြဂုတ် ပတမပတ်အတွင်းမြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော ကိုမန် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်မှုနှင့် ရေလွှမ်းမိုးခြင်းဖြစ်စဉ်တွင် ရခိုင်ပြည်မှ လူအနည်းဆုံး (၅၅)ယောက် သေဆုံးခဲ့ရပြီး၊ ရခိုင်လူဦးရေ တစ်သိန်းခန့် ဘေးဒုက္ခ ရောက်ခဲ့ရသည်။ ဘူးသီးတောင်၊မောင်တော၊ မြောက် ဦး၊ ကျောက်တော်၊ မင်းပြားမြို့နယ် ၅ မြို့နယ်ကို အစိုးရက အရေးပေါ်ကြေညာခဲ့ရသည်။ မြန်မာတစ်နိုင်ငံလုံး အတိုင်း အတာ အားဖြင့် ယခုဖြစ်စဉ်အတွင်း အနည်းဆုံးလူ ၇၀ကျော်သေဆုံးပြီး၊ အိမ်ထောင်စုပေါင်း ၃သောင်း ၆ထောင်ကျော်၊ လူဦးရေ ၂သိန်း ၃သောင်း ကျော် ဘေးဒုက္ခ ရောက်ခဲ့ရသည်ဟု သိရသည်။
တာဝန်သိပရဟိတသမား ပြည်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီတချို့က ရေဘေးသင့် ရခိုင်ပြည်သူတို့အား အပြေး အလွှား ကူညီပေးခဲ့ကြသော်လည်း မဖြစ်မနေဆောင်ရွက်ရန်တာဝန်ရှိသော အစိုးရ ကမူ ကနဦး၌ သူတို့နှင့်မဆိုင်သလို ဖာသိဖာသာနေခဲ့ကြပြီး၊ ရခိုင်ပြည်သူများမတန်တဆသေကြေကြပြီးခါမှ မစို့မပို့ထောက်ပံ့မှုဖြင့် လူမြင်ကောင်းအောင် လာရောက်နှမ်း ဖြူးပြခဲ့ကြလေသည်။ အဝတ်တစ်ထည် ကိုယ်တစ် ခုဖြင့်အသက်လုပြေးလာကြရသူ၊ ရေဘေးသင့်ရခိုင်ပြည်သူတို့ အငတ်ဘေးနှင့်ရင်ဆိုင်ခဲ့ကြရသည်။ ယင်းအချိန် တွင်လည်း အစိုးရ ၏ “အစိမ်းရောင်ဝတ်နှမ်းဖြူးရေးအဖွဲ့”သည် မပြောပ လောက်သည့် ဆင်ပါးစပ် နှမ်းပက်ရုံ အဆင့်မျှ ပမာဏရှိသော ဆန်အနည်းငယ်ကို ကောင်းကင်၌မောင်းနှင်ဆဲ လေယာဉ်ပေါ်မှ ရွှံ့ဗွက်တောထဲသို့ ပစ်ချထားခဲ့ကြလေသည်။ ဤသို့ပြုမူခြင်းကိုပင်၎င်းတို့က ပြည်သူအား ကြီးမားသော အလှူကြီးပေးဘိသကဲ့သို့ ဂုဏ်ယူနေကြသည်။
အစိုးရ၏ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုညံ့ဖျင်းခြင်း နှင့် ဝိသမ လောဘသားတချို့၏ မသမာမှု ကြောင့် ရခိုင်ပြည်၏ ဆန်ဈေးမှာ သုံးဆခန့် ထိုးတက်သွားခဲ့ရသည်။ ထိုအခါ ရန်ကုန်တိုင်းဒေသကြီး၏ ရခိုင် ရေးရာဝန်ကြီး ဦးဇော်အေးမောင်သည် ကြီးမားသောစေတနာအဟုန်ဖြင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည် အသင်း(ရန်ကုန်)မှ ဆန်များကို ဝယ်ယူလျက် ရခိုင်ပြည်စစ်တွေမြို့၌ လျှော့ဈေးဖြင့် ဆန်ရောင်းပေးခဲ့ပါသည်။ သို့သော် အစိုးရကြေညာခဲ့သော ရေဘေးသင့်ရခိုင်၅မြို့နယ်၌စစ်တွေမပါရှိပေ။ရေဘေးသင့်ပြည်သူများခမျာ အဝတ်တစ်ထည်ကိုယ်တစ်လုံးနှင့် အသက် လုပြေးလွှားခဲ့ရ၍ ပေးစရာငွေဘာမျှမရှိ လက်ဝါးနှင့် ဖဝါးသာ ကျန်တော့သဖြင့် ရခိုင်ဝန်ကြီးက မည်မျှပင်ဈေးလျှော့ရောင်းပေး စေကာမူ ဝယ်စားနိုင်မှာ မဟုတ်ကြောင်း တုန့်ပြန်ကြသည်။
အရေးပေါ်အခြေအနေတွင် အစိုးရသည် “မျောက်ငပိခဲကိုင်မိသလို”ဖြစ်နေချိန်၌ ပြည်တွင်းပြည်ပ ရခိုင်အင်အား စုများ၊ နိုင်ငံတကာ သံတမန်များက ရခိုင်ရေဘေးသင့်ပြည်သူများထံ မဆိုင်းမတွ အပြေးအလွှားလာရောက်ကာ လှူဒါန်းလိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးခဲ့ကြသည်။ သုံးသပ်သူများကမူ အစိုးရသည် ပြည်သူ့ ဘေးဒုက္ခကို ဗန်းပြလျက် သူများလာလှူမည်ကို စောင့်ဆိုင်းနေခြင်းပေလောဟု မေးခွန်းထုတ်ကြပြန်သည်။ အကြောင်းမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အသုံးစရိတ်၌ နိုင်ငံတော်မှ ရခိုင်ပြည်နယ်အစိုးရသို့ သဘာဝဘေး အန္တရာယ် အတွက်သုံးရန် မြန်မာငွေ ကျပ် သန်းခြောက်ထောင် ချပေးထားသည်ဟု ပြည်နယ်အမတ်တို့က ဆိုကြသော်ငြားလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းသည် ထိုငွေ သန်းခြောက်ထောင်ကို မည်သည့် နေရာ၌ သုံးစွဲခဲ့ပါသနည်း။ အဖြေကိုကား မည်သူမှ မသိနိုင်ပေ။
အစိုးရ၏ သတင်း ထုတ်ပြန်မှု၊ ရှင်းလင်းသော သတင်း စကားပေးမှု၊ အရေးပေါ်အခြေအနေ ကြေညာမှုများက နောက်ကျနေခဲ့သည့် အပြင် လူမှုကွန်ရက်များမှတဆင့် ပြည်သူအချင်းချင်း သတင်းဖလှယ်မှု၊ ပရဟိတ အဖွဲ့များ ၏ အလျင်အမြန် အကူအညီပေးရန် စိုင်းပြင်းမှု၊ ပြင်ပ အကူအညီများ လက်ခံရေးတို့အပေါ် အစိုးရက မလို အပ် ဘဲ သတိကြီးစွာ ထားနေသည်ကို တွေ့ရသည်။
အစိုးရကိုကြည့်ရသည်မှာ ဒုက္ခရောက်နေသောပြည်သူကို ကာကွယ်ဖို့ထက် မိမိကိုယ်ကိုကိုယ် မိမိ ကာကွယ် လိုစိတ်လွန်ကဲနေပုံရသည်။သဘာဝဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး တို့၌ အာရုံစူးစိုက်စွာ လုပ်ဆောင်မည့်အစား ဝေဖန်မှုများကို လူမှု ကွန်ရက် များပေါ်တက်၍ ကာကွယ် ရှင်း လင်း နေလေသည်။
မုန်တိုင်းတိုက်၊ရေလွှမ်း၍ လူ့အသက်ပေါင်းများစွာ သေကြေပျက်စီးပြီး ၃ပါတ်ခန့်ကြာသောအခါမှ နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်၏ သာယာကြေကွဲသံ ထွက်ပေါ်လာခဲ့လေသည်။ သမ္မတက “သဘာဝဘေးအန္တရာယ်ဟာ ကျရောက်လာပါက တားဆီး၍ မရနိုင်ပါသောကြောင့် အန္တရာယ်ရှိလာနိုင်ပါက ဘေးကင်းရာသို့ ကြိုတင် ရွှေ့ပြောင်းနေ ထိုင်ခြင်း သည်သာ စိတ်အချရဆုံးဖြစ်ပါကြောင်း၊ ယာယီစားသုံးနိုင်ရန် ဆန်နှင့် ထောက်ပံ့ငွေ အချို့ကိုလည်းပေးလိုက်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ ဆန်များ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း” သူ၏ သြဂုတ်လ ၆ရက်နေ့ မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
သမ္မတစကားနှင့်ပတ်သက်၍ နာဂစ်တုန်းက ဆရာဦးထွန်းလွင်ပြောခဲ့သည့် “မြန်မာတွေဟာ ကယ်ဆယ်ရေး (Relief, Resettlement, Rehabilitation) ကိုပဲ တစ်သက်လုံး လုပ်လာကြပြီး ကာကွယ်ရေး (Preparation, Prevention, Reduction) ဆိုတာတွေကို မလုပ်ဖူးခဲ့ဘူး။ လုပ်လည်း မလုပ်တတ်ကြဘူး။ လုပ်ရကောင်း မှန်း လည်း မသိကြခဲ့ဘူး။ ဒါကြောင့် ဒီလိုအခြေအနေ ဆိုးသွားတာ” ဟူသော စကားကို အမှတ်ရလာမိသည်။
သဘာ၀ ဘေးအန္တရယ်ကျရောက်ရာဒေသများတွင် Cyclone Shelter များကို လုံလုံလောက်လောက် ကြိုတင် ဆောက်လုပ်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်ကို ပြည်သူသို့ အချိန်မီသတိပေးခြင်း၊ ပြည်သူများကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခြင်း..စသည်ဖြင့် သဘာဝဘေးသင့်ခြင်းမှ ကာကွယ်ပေးနိုင်လေ သည်။ ထိုတာဝန်များကို နိုင်ငံအစိုးရများက တာဝန်ယူကြရသလို၊သဘာဝဘေးသင့်ပြည်သူများ၏ အရေးပေါ် ကာလစားဝတ်နေရေးကျန်းမာရေးကိစ္စရပ်များ၊နေအိမ်အဆောက်အဦ၊မျိုးစပါး၊ဆန်(လယ်သမားဘဝမှာ စပါး တစ်နှစ် မစိုက်ဖြစ်လျှင်၂နှစ်စာ အတွက် စားရေရိက္ခာလိုအပ်ပါသည်)၊ခိုင်းနွား၊ လယ်ယာလုပ်ငန်းသုံး ပစ္စည်း များ၊ လှေ၊ ငါးဖမ်းပိုက်အပါအဝင် ငါးလုပ်ငန်းသုံးပစ္စည်းများ၊ အနည်းဆုံးတစ်နှစ်စာ ဆန်နှင့်ငွေကြေး၊ အခြား အလုပ်အကိုင်များ၊ ရေရှည် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များအထိ အစိုးရတို့က တာဝန်ယူပေးကြရသည်။ ယခု သမ္မတ ဦးသိန်းစိန်၏ ပြည်သူသို့ ပြောစကားမှာ တာဝန်မဲ့သူတစ်ဦး၏ ပြောစကားနှယ် ဖြစ်နေပေသည်။

စစ်အစိုးရလက်ထက်ကဖြစ်ပွားခဲ့သည် နာဂစ် နှင့် ဂီရိ ရာသီပြောင်းလဲ နိုင်ငံရေးတွင် စစ်အစိုးရကသာ အမြတ် ရခဲ့၏။ ယခု ကိုမန် ဆိုင်ကလုန်း မုန်တိုင်းတွင်ကား ပြည်သူ၊ အစိုးရ၊ နိုင်ငံရေးပါတီတို့အနက် နိုင်ငံရေး အမြတ် ကို မည်သူ ရရှိမည်နည်း။ ပြည်သူတို့ကား အမြတ်ရစရာလမ်းမမြင်။ ပါတီထဲတွင် ငွေကြေးတတ်နိုင်သော ပါတီ (သို့မဟုတ်) အစိုးရကသာလျှင် နိုင်ငံရေးအမြတ် ထုတ်နိုင်ဘွယ်ရှိနေသည်။
ရခိုင်ပါတီများနှင့် နှိုင်းစာပါက လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် လုပ်ပိုင်ခွင့်နှင့် ငွေကြေးအရ အားကောင်းလှသည်။ မကြာသေးမီ ကလည်း ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ ဒေါက်တာစံရွှေအောင်က အထွေထွေအသုံးစရိတ်အတွက် ရခိုင်အမျိုးသားပါတီ(ANP)ကို ငွေသိန်းတစ်ရာကျပ် လှူဒါန်းခဲ့သည်။ ဤအချက်က ပြည်ခိုင်ဖြိုးသည် ပါတီအနေဖြင့်ဖြစ်စေ၊ တစ်ဦးချင်းအနေဖြင့်ဖြစ်စေ ဥစ္စာဓနကြွယ်ဝကြောင်း ပြသလိုက်ခြင်းဖြစ်သည်။
ကိုမန်သည် ၂၀၁၅ ရွေးကောက်ပွဲမကျင်းပမီ ၂လအလို၌ အချိန်ကိုက်၍ ရောက်လာပုံရသည်။ သည်မုန်တိုင်း ကား ဘေးဒုက္ခ ရောက်နေသော ပြည်သူတို့၏ဘဝကို မြှင့်တင်ပေးမည့် ပါတီများ၊ လူပုဂ္ဂိုလ်များ မဲဆွယ် စည်းရုံးရေးပြုလုပ်ရန် စင်ဆောက်ပေးထားသကဲ့သို့ ရှိနေသည်။ထိုစင်ပေါ်သို့ မည်သူတို့ ရောက်ကြမည်နည်း။ စင်ထက်သို့ မတက်နိုင် သူများက ရခိုင်ပြည်သူတို့၏ နှလုံးသားကမဲပြားများကို ရရန်မှာ မသေချာ။
ပြည်ခိုင်ဖြိုးပါတီက ကိုမန်ကိုသုံး၍ နိုင်ငံရေးအမြတ်ထုတ်မည်၊ မထုတ်မည်ကို မသိနိုင်သော်လည်း ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ထောင်စုလွှတ်တော် နာယကကြီးလည်းဖြစ်သော သူရဦးရွှေမန်းအတွက်ကတော့ ကိုမန်ကို ကျေးဇူးတင်ရမည်ဖြစ်သည်။
ရေဘေးသင့်သည်နှင့်ကြေညာချက် နှစ်စောင်ထွက်လာသည်။ တစ်စောင်က ပြည်ထောင်စုရွေးကောက်ပွဲကျင်းပ ရေးကော်မရှင်မှဖြစ်ပြီး၊ နောက်တစ်စောင်က ပြည်ထောင်စုလွှတ်တော်မှ ဖြစ်၏။ ကော်မရှင် ကြေညာချက် အရ အမတ်လောင်း အမည်စာရင်း တင်သွင်းမည့်နေ့ကို သြဂုတ်လ ၈ ရက်နေ့ သတ်မှတ်ထားရာမှ နောက် ထပ် (၆)ရက် ထပ်တိုးကာ သြဂုတ် ၁၄ ရက်နေ့ နောက်ဆုံးထား တင်သွင်းနိုင်ကြောင်း နောက်ဆုတ် ပေးလိုက် ခြင်းက အလုပ်လုပ်ရန် အချိန်ပိုရစေ၍ နိုင်ငံရေးပါတီများအတွက် ကောင်းသည့်ကြေညာချက်ဟု ဆိုရပေမည်။
သို့သော် လွှတ်တော်၏ ကြေညာချက်တွင်မူ လွှတ်တော်အစည်းအဝေးကို ရက်ရွှေ့လိုက်ရာ၌ ပြန်တက်ရမည့် ရက်မပါရှိသဖြင့် “ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းသည့် သဘော”ဖြစ်နေလေသည်။ သူရဦးရွှေမန်း ဦးဆောင် သည့် လွှတ်တော်ကို ဘာကြောင့် အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းရပါသနည်း။ စဉ်းစားစရာရှိလာသည်။
လာမည့်လွှတ်တော်၌ သူရဦးရွှေမန်း ဖြေရှင်းရမည့်ပြဿနာ နှစ်ရပ်ရှိသည်။တစ်ချက်က ဥပဒေ (၇) ခု ပြင်ဆင် ရာတွင် တစ်ခုတည်းသာ ကျန်နေသော “ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ” ကို ပြင်ဆင်ရေး ဖြစ်ပြီး၊ နောက် တစ်ချက်ကလွှတ်တော် နှစ်ရပ်စလုံး ဆွေးနွေးပြီးနောက်မှာမှ အချိန်ထပ်ဆွဲထားသော “လွှတ်တော် အမတ်များ တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း” ကိစ္စဖြစ်လေသည်။
ပြည်ထောင်စု “အစိုးရအဖွဲ့ ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း” ဆိုသည်မှာ လာမည့်ရွေးကောက်ပွဲတွင် သမ္မတ ဦးသိန်းစိန်နှင့်သူ၏အစိုးရ တစ်ဖွဲ့လုံးကို ပြည်ခိုင်ဖြိုးပါတီမှ ပ ထုတ်လိုက်မည့်ဥပဒေဖြစ်နေသလို၊ တခြား မည်သည့် ပါတီကိုမှလည်း သွား၍မရ၊ မည်သည့်ပါတီကိုမှလည်း ထူထောင်လို့မရဖြစ်သွားစေသည့် သမ္မတ အုပ်စုတစ်စုလုံးကို မျောက်သစ်ကိုင်းလွတ် ဖြစ်အောင်လုပ်၍ အပြတ်ရှင်းထုတ်မည့် ဥပဒေကြမ်းပင်ဖြစ်ပါသည်။ ယင်းဥပဒေနှင့် ဆက်စပ်သည့် ဥပဒေမှန်သမျှကိုလည်း ပြီးခဲ့သည့် လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ် အတည်ပြု ထားခဲ့ကြပြီးဖြစ်လေသည်။

နောက်ထပ်လွှတ်တော်ကအတည်ပြုရမည့်“လွှတ်တော်အမတ်များကိုတာဝန်မှရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်း”ကတော့ သူရဦးရွှေမန်းကို ဒုက္ခပေးမည့်ဥပဒေပင်ဖြစ်သည်။ လွှတ်တော်နာယက သူရဦးရွှေမန်း၊ အမတ် ဦးသိန်း ဇော်နှင့် ထိပ်တန်း ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တချို့ကို သူတို့၏ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ အမတ် တာဝန်များမှပြန်လည်ရုပ်သိမ်းပေးဖို့ မဲဆန္ဒရှင်တို့ကရွေးကောက်ပွဲကော်မရှင်ထံတိုင်တန်းထားရှိရာ ဤဥပဒေကို
ပြဋ္ဌာန်းပြီးကဦးရွှေမန်းတို့၏အမှုအားကော်မရှင်ကပြတ်ပြတ်သားသားဆုံးဖြတ်နိုင်တော့မည်ဖြစ်သည်။ ထိုဥပဒေ မူကြမ်းမှာလည်း လွှတ်တော်တွင်း ဆွေးနွေးပြီးသား၊ ပြည်ထောင်စု လွှတ်တော်၌ မဲခွဲဆုံးဖြတ် အတည်ပြုဖို့
အဆင့်သာ လိုတော့သည်။ လွှတ်တော်ပြန်စ၍ ယင်းဥပဒေကြမ်းကို မဲခွဲအတည်ပြုပြီး သည်နှင့်တပြိုင်နက် သမ္မတက အလျင်အမြန် ဥပဒေအဖြစ်ထုတ်ပြန်၍ ကော်မရှင်က နည်းဥပဒေ မြန်မြန်ပြဋ္ဌာန်းပေးလိုက်သည်နှင့် ဦးရွှေမန်း နှင့် သူ့အုပ်စု အမတ်အဖြစ်မှထွက်ပေးရမည့်ပြဿနာနှင့် ကောင်းကောင်း ရင်ဆိုင်ရဘွယ်ရှိနေသည်။

မည်သို့ဆိုစေ သဘာဝဘေးအန္တရာယ်ကိုခုတုံးလုပ်၍ နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်များတွင် အမြတ်ထုတ် မှု များက ဆက်လက်ရှိနေအုံးမည်ဖြစ်သည်။ လက်ရှိ ရခိုင်ပြည်သူ၊ မြန်မာပြည်သူ တို့၏ အသက်ပေါင်းများစွာ၊ ဘဝပေါင်း များစွာ၊ ရုပ်ဝတ္ထုပေါင်းများစွာတို့ကို စိစိညက်ညက် ဖြစ်အောင် ခြေမွနင်းခြေ ဖျက်ဆီးပစ်ခဲ့သော “ကိုမာ”ဆိုင်ကလုန်းမုန်တိုင်း၏ရုပ်ကြွင်းများကိုသုံး၍ မည်သူကနိုင်ငံရေးအမြတ်ကို ရယူနိုင်မည်နည်း။ ANPလား၊ ပြည်ခိုင်ဖြိုးလား၊ NLDလား။ သမ္မတဦးသိန်းစိန်လား၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းလား။
ထွက်ပေါ်လာမည့်အဖြေကိုကား မကြာမီယှဉ်ပြိုင်ကြမည့် ၂၀၁၅ ရွေးကောက်ပွဲစင်မြင့်ထက်၌ ဆက်လက်ရှုစား ကြရန်သာ ရှိပါတော့သည်။

မောင်လှိုင်(လမု)
၈၊၈၊၂၀၁၅