လူသားတို့၏ ဝိသမလောဘကြောင့်သဘာဝသစ်တောကြီးများ ပြုန်းတီးလာသဖြင့်ကမ္ဘာမြေကြီးမှာ အပူချိန်မြှင့်တက်ကာ နာမကျန်း ဖြစ်ခဲ့လေပြီ။ နွေရာသီ ဝမ်းစာအဖြစ် သိုလှောင်ထားသော ရေများကို ကမ္ဘာမြေကြီးမှ စုတ်ယူသွားခဲ့သဖြင့် လူသားတို့မှာ နွေရာသီရောက်တိုင်း ရေအတွက် ပူပင်သောက ရောက်ကြ ရတော့သည်။
ရခိုင်ပြည်နယ်တွင် နှစ်စဉ်ပျမ်းမျှ မိုးရေချိန်လက်မ ၁၈ဝ နှင့် ၂ဝဝ ကြားတွင် ရွာသွန်းလေ့ရှိသော်လည်း ပြီးခဲ့သည့်နှစ် မိုးရာသီက မိုးရေချိန်လက်မ ၁၄ဝ ခန့်သာ ရွာသွန်းခဲ့သည့်အတွက်ယခုနှစ် နွေရာသီ၌ သောက်သုံးရေ ရှားပါးမှုဒဏ်ကို ယခင်ကထက်ပို၍ ခံစားလာရသည်။ ရခိုင်တို့မှာ သောက်သုံးရေ ပူပင်သောက ငြိမ်းအေးနိုင်ဖို့ မိုးရွာရန်သာ ဆုတောင်းနေကြရတော့သည်။
ရခိုင်တို့ ရေငတ်နေချိန် မိုးနတ်သားကလူသားတို့အပူကို ကုစားနိုင်ရန်မိုးများ ရွာချလိုက်တော့သည်။ မိုးရွာတော့ ရခိုင်သားတို့ ပျော်ခဲ့ရသည်။ သို့သော် ထိုပျော်ရွှင်မှုသည်ကား အိမ်မက်အလား တမဟုတ်ချင်း ပျောက်ကွယ်သွားခဲ့သည်။
မိုးဦးကာလ နေမင်းကြီးကို အနိုင်ယူရန် အငြိုးနှင့်ရွာချလိုက်သော မိုးရေက ရခိုင်တို့၏မျက်ရည်များကိုပါ နှုတ်ယူသွားခဲ့လေသလား။ရခိုင်သားတို့မှာ ကြိုတင်ပြင်ဆင်ချိန် လုံးဝမရလိုက်။ မိုးဦးကာလမှာပင် အဆိုးရွားဆုံး ရေဘေးကို ကြုံတွေ့ခဲ့ရပြန်သည်။ ရခိုင်ပြည်နယ်တွင်တစ်ပတ်ခန့် မိုးသည်းထန်စွာရွာသွန်း တောင်ကတုံးပေါ်ရှိ အစားထိုးသစ်ပင်များက မိုးရေ အမြောက်အများကို စုတ်ယူ ထိန်းသိမ်းထားနိုင်စွမ်းမရှိသည်ကတကြောင်း၊ လူတို့၏ စည်းကမ်းမဲ့စွန့်ပစ်သော အမှိုက်သရိုက်များကြောင့် မြစ်ချောင်းများ တိမ်ကောလာသည်က တကြောင်း၊ မိုးသည်းထန်စွာရွာသွန်းချိန်နှင့် ဒီရေတက်သောအချိန်နှင့်တိုက်ဆိုင်နေသည်က တကြောင်း၊ တောင်တန်းများပေါ်က ဆင်းလာသော မိုးရေများကပတ်ဝန်းကျင် မြို့ရွာများကို ရေများလျှံတက် သွားတော့သည်။
ရခိုင်ပြည်နယ်အတွင်းရှိ တောင်ကုတ်၊သံတွဲ၊ အမ်း၊ မောင်တော၊ ဘူးသီးတောင်၊ မင်းပြားနှင့် ကျောက်ဖြူမြို့နယ်များရှိ မြေနိမ့်သောဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ လူအများအပြား ရေဘေးဒုက္ခ ရောက်ခဲ့ကြရသည်။ဝမ်းစာအဖြစ် သိုလှောင်ထားသော ဆန်စပါးများ၊ စိုက်ပျိုးရန် မျိုးစပါးများ ဆုံးရှုံးခဲ့ကြရသည်။ စပါးပျိုးခင်းများ၊ ပြောင်း၊ နှမ်းကဲ့သို့ သီးနှံစိုက်ခင်းများ ပျက်စီးခဲ့ရသည်။ လယ်သမားများ လုပ်ငန်းရပ်နား ထားခဲ့ရသည်။ ကျောင်းသားများ စာသင်ချိန် လျှော့ခဲ့ရသည်။ လမ်းပမ်းဆက်သွယ်ရေးများပြတ်ခဲ့ရသည်။
လေးမြို့ချောင်း၊ အမ်း ချောင်း၊ သံတွဲချောင်း၊ကုလားတန်မြစ်ဖျား နေရာများမှာ ဥယျာဉ်ခြံမြေအများအပြားပျက်စီးခဲ့ရသည်။ အမ်း-မင်းဘူးလမ်းကျိုးပျက်သွားသည့်အတွက် စစ်တွေ-ရန်ကုန်ကား အသွားအလာများ ရပ်တန့်သွားခဲ့ရသည်။ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေတို့တွင်လည်းရေကြီးခဲ့ပြီး မယူမြစ်ကို ဆန်မတက်နိုင်သဖြင့် စစ်တွေနှင့် ဘူးသီးတောင် အကြား ပြေးဆွဲနေသည့် သင်္ဘောကို ရပ်နားခဲ့ရသည်။အမ်းမြို့နယ်တွင် ကျေးရွာ ၃၀ ကျော်ခန့်ရေမြုပ်သွားသည်။ တစ်ချို့ကျေးရွာများမှာ ရေအမြင့်ပေ ၂၀ ကျော်အထိ မြင့်တက်သွားခဲ့သည်။
ကျေးရွာပေါင်း ၁၈ရွာမှ အိမ်ခြေ ၁၅၃အိမ်၊ဆိုင်ခန်း၃၀ခန့် ပျက်စီးသွားခဲ့သည်။ စခန်းမော်၊ လုံးရွာ၊ပြောင်းခြောက်၊ တိုက်မော်၊ ပဲပဒုံစသောကျေးရွာများမှာ ပျက်စီးမှုအများဆုံး ခံခဲ့ရသည်။ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေသော တပ်မတော်သားတစ်ဦးအပါအဝင် ရေနစ်မြုပ်မှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ရသည်။
မင်းပြားမြို့တွင် ဇွန်လ(၂၇) ရက်နေ့နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်လေးမြို့ မြစ်ရေစီးဆင်းမှု ပြင်းထန်ကာ မြစ်ကမ်းပါးအနီးရှိ နေအိမ်(၃)လုံး ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရရှိသည်။သံတွဲမြို့အံတော်ရပ်ကွက်တွင်လည်းအိမ်ငါးလုံး ရေထဲပါသွားခဲ့သည်။ ရေဘေးဒုက္ခသည် ၄၀ဝခန့် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့်စာသင်ကျောင်းများတွင် ယာယီဒုက္ခသည်စခန်းများ ဖွင့်ပေးထားခဲ့ရသည်။ သံတွဲမြို့နယ် ရွှေလှေကျေးရွာအုပ်စု ဒါဝကျေးရွာတွင်ဇွန်လ၂၈ရက်နေ့ညက လေဆင်နှာမောင်း တိုက်ခတ်ခြင်းကြောင့် အိမ်ခြေ ၄၀ ခန့်ပျက်စီးခဲ့ကြောင်း သိရသည်။
တောင်ကုတ်တွင် ဇွန်လ (၂၆)နှင့်(၂၇)ရက်နေ့များက မြို့ပေါ်ရှိ ရပ်ကွက်များတွင် ရေအမြင့်(၃)ပေမှ(၈)ပေထိ မြင့်တက်ခဲ့ပြီး ဂူတာရပ်ကွက်ပြည်သူ့ဆေးရုံကြီးသို့ ရေအမြင့်(၃)ပေထိ ရေလျှံတက်သွားခဲ့သည်။ ချောင်းကောက်၊ ဂူတာ၊သိမ်တောင်နှင့် ကံပိုင်ရပ်ကွက်များရှိ မြေနိမ့်ပိုင်းနေအိမ်(၂၀၀)ကျော်မှာလည်း ရေအမြင့်(၄)ပေမှ(၈) ပေထိ မြင့်တက်ခဲ့သည်။ ရေကြီး ရေလျှံမှုကြောင့် ဆေးရုံတွင်းရှိ ဆေးကုသခံယူနေသည့်လူနာများအား အရေးပေါ် ရွှေ့ပြောင်းကုသခဲ့ရပြီးလူနေအိမ်များနှင့် ဈေးဆိုင်ခန်း(၂၀)ကျော်ရေထဲမျောပါဆုံးရှုံးခဲ့သည်။ ရေဘေးသင့်ဒုက္ခသည်တစ်ချို့မှာ နီးစပ်ရာ စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ဘူးသီးတောင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများ (၂၅-၆-၂ဝ၁၅)နေ့မှစတင်၍ ရေကြီးနစ်မြုပ်ခဲ့ပြီး ၂၈-၆-၂ဝ၁၅နေ့နံနက်ပိုင်းတွင် ပုံမှန်အခြေအနေထိ ရေများပြန်လည် ကျဆင်းသွားခဲ့သည်။ ရေကြီးစဉ် ရေဘေးသင့် ပြည်သူများကိုယာယီ ကယ်ဆယ်ရေး စခန်းများတွင် ထားခဲ့ရပြီးဆေးရုံကိုလည်း အထက(ခွဲ)-၁ တွင် ယာယီပြောင်း ရွှေ့ ဖွင့်လှစ်ခဲ့ရသည်။
အောင်ဇေယျ၊ ကျွန်းပေါက်၊ ခထီးလှကျေးရွာများ ရေနှစ်မြုပ်၍ အိမ်မွေးတိရစ္ဆာန်များ၊ပျိုးခင်များ၊ ဝမ်းစာစပါး၊ မျိုးစပါး၊ မျိုးအဖြစ် သိုလှောင်ထားသော သီးနှံမျိုးစေ့မျိုးစုံတို့ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။ ရာသီဥတုပြောင်းလဲလာခြင်းများကြောင့်သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု ကြိမ်နှုန်းများ
ပြားလာပြီး ထိုသဘာဝဘေးများ၏ အဖျက်စွမ်းအားများမှာလည်း ယခင်ကထက် ပိုမိုဆိုးဝါးပြင်းထန်လာသဖြင့် လူသားတို့၏ အသက်၊ အိုးအိမ်၊ဥစ္စာပစ္စည်း၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်များ၊အခြေခံအဆောက်အအုံများ၊ လုံခြုံရေး၊ပညာရေး၊ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင်များထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ကြုံတွေ့ခံစား နေကြရသည်။
သဘာဝဘေးအန္တရာယ်ဟူသည် အချိန်အခါမဟုတ် ကျရောက်တတ်သည်။ ရေကြီး၊ရေလျှံသည့်ဒေသများတွင် မည်သို့ကြိုတင်ပြင်ဆင်ပါဘေးဒုက္ခသက်သာနိုင်သည်ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများ ညှိနှိုင်းလုပ်ဆောင်ထားသင့်သည်။ ၎င်း သဘာဝဘေးအန္တရာယ်များကို လူသားတို့ ရင်ဆိုင်နိုင်ရန်နှင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်း သက်သာနိုင်စေရန် ဆောင်ရွက်ကြဖို့ လိုအပ်လာပြီ ဖြစ်ပေသည်။
ဒေါင်းမြရင်
(၁၀.၀၇.၂၀၁၅)