Headlines

လွတ်မြောက်ရာ

ကျမ က မမေဘယ်လ်ပါ။ အသက်က ၂၆ နှစ်ရှိပြီ၊ ကျမမှာ အသက် (၃) နှစ်အရွယ် သမီးလေး တယောက် ရှိပါတယ်။ ကျမက ပညာရေးဝန်ထမ်းတဦးဖြစ်ပါတယ်။ မြန်မာစစ်တပ်က တိုင်းပြည်ရဲ့ အာဏာသိမ်းလိုက်တဲ့အတွက် ဆန့်ကျင်တဲ့ အနေနဲ့ CDM (Civil Disobedience Movement) လုပ်ခဲ့တယ်။ အဲဒါကြောင့် သူမဟာ ၅၀၅ (က) နဲ့ ဖမ်း၀ရမ်း ထုတ်ခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ်၊ ဂျူလိုင်လ (၂၉) ရက်နေ့ ညနေ (၄) နာရီ အချိန်မှာ စစ်ကောင်စီတပ်သားတွေက အိမ်ကိုလာရောက်ဖမ်းဆီး ရှာဖွေခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေ လာဖမ်းတဲ့ ညနေမှာ ကျမနဲ့ သမီးလေးက လမ်းထိပ် မုန့်ထွက်ဝယ်ပြီး ပြန်လာတဲ့အချိန်ပေါ့။ အိမ်ရှေ့ စစ်ကား ၅ စီးနဲ့ အင်အား အများအပြား လာရောက်တာကို တွေ့လိုက်တာနဲ့ သားအမိ နှစ်ယောက် တစ်ဖက်ခြံထဲမှာ ဝင်ပုန်းရင်း ကျမ ဘာလုပ်ဘာကိုင်ရမှန်းမသိ ကလေးကိုသာ တင်းတင်းဖက်ထားရင်း အခြေအနေ စောင့်ကြည့်နေခဲ့ပါတယ်။ သိပ်မကြာခင် စစ်ကောင်စီတပ်သားတွေက အခန်းထဲက ဓါတ်ပုံ တစ်ချို့နဲ့ ဆိုင်ကယ်ကို ကားပေါ်တင်ယူသွားပြီး အိမ်ကိုလည်း ဖျက်ဆီးပြီး ပြန်ထွက်သွားခဲ့ကြပါတယ်။ အဲဒီနောက် ည ၈ နာရီ အချိန် သားအမိ နှစ်ယောက် ဝတ်အစားလည်းမပါ ပိုက်ဆံလည်းမပါ ခြေလျင် ပြေးရင်း ည ၁၂ နာရီလောက် မှာ အိမ်တအိမ် မှာခိုလှုံခွင့် ရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်ဆိုတာ ခိုကိုးရာမဲ့ သားအမိနှစ်ယောက် တကယ် ကမ္ဘာ ပျက်တဲ့နေ့ပါပဲ။

အဲဒီည ကို အတွေးပေါင်းများစွာနဲ့ ဖြတ်သန်းရင်း မနက် ၅ နာရီ မှာ ဦးလေး တယောက်ရဲ့အကူညီနဲ့ အခြားတရွာကို ပြောင်းရွေ့နေထိုင်ခဲ့ကြတယ်။ အဲဒီနောက် သူမဟာ သမီးကလေးနှင့် အတူ လွတ်မြောက်ရာတခုကို တိမ်းရှောင်လာခဲ့တယ်။ လွတ်မြောက်ရာ နေရာတခုမှာ (၈) လ လောက် အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်ကျော်လွှားရင်း နေထိုင်ခဲ့တယ်။

ကျမတို့သားအမိနေတဲ့ နေရာက လွတ်မြောက်ရာဆိုပေမယ့် မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာပဲရှိ နေသေးလို့ အမှန်တကယ်လွတ်မြောက်ခြင်းမရှိခဲ့ပါဘူး။ အဲဒီလိုနေနေ ရင်းကနေ ကျမတို့ နေထိုင်တဲ့နေရာကို စစ်ကောင်စီတပ် တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ရွာသူ ရွာသားများနဲ့အတူ သားမိ နှစ်ဦး တောထဲ တောင်ထဲ အချိန်ကာလ ကြာမြင့်စွာ ထပ်မံ ခိုအောင်းခဲ့ကြရပြန်ပါတယ်။ “ကျမတို့ မှာ တခါတလေ စားစရာ အလုံအလောက်မရှိတာ၊ ချမ်းအေးတဲ့ ဆောင်းရာသီ တောထဲမှာ အနွေးထည်၊ စောင် အလုံလောက်မရှိပဲ ဖြတ်သန်းခဲ့ကြရပါသေးတယ်၊ စိတ်ဓါတ်ကျတဲ့အချိန် ရှိသလို သမီးလေးအတွက် ပျော်ရွှင်အောင်ကြိုးစား ရင်း စစ်ကောင်စီပေးတဲ့ ဒုက္ခတွေကို ကျော်လွှား ဖြတ်သန်းခဲ့ပါတယ်။

ကျမ နေထိုင်ရာ ဒေသမှာ တိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်နေတဲ့အတွက် တနေရာမှ တနေရာသို့ ရှောင်တိမ်းနေထိုင်ခဲ့ရတယ်။ အကြီးမားဆုံးတိုက်ပွဲတွေ ဖြစ်ပွားလာခဲ့တာကြောင့် စစ်ပြေးရှောင်ရင်း ခိုကိုးရာမဲ့ ဖြစ်လာခဲ့တယ်။ စစ်တပ် အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာ ၂၀၂၂ခုနှစ်၊ မေလ လောက်မှာ ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းဖြင့် ရောက်လာခဲ့ပါတယ်။

ပြည်တွင်းမှာ ရှောင်ရင်းတိမ်းရင်းနေထိုင်ရတာက ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တော့တာပါ။ ကျမလေ အချိန်အကြာကြီး သည်းခံပြီးတော့ နေခဲ့ပါသေးတယ်။ အသက်ရှင်နေသေးတော့လည်း စားဝတ်နေရေးအတွက် သမီးလေးအတွက် ကျမ အစွမ်းကုန်ကြိုးစားရအုံးမယ်လေ၊ တစ်ဖက်နိုင်ငံကို ကူးမယ်လို့ ဆုံးဖြတ်ချက်ချပြီး သမီးလေးကို တစ်ဖက်နိုင်ငံကို ခေါ်သွားဖို့ မဖြစ်နိုင်တော့တဲ့အတွက် ဆွေမျိုး နီးစပ်ရာ ဆီမှာ ကလေးကို အပ်ကာ မေမေ ယူကျူံးမရ နဲ့ သမီးလေးကို ထားခဲ့ပြီး ထွက်လာခဲ့ပြန်တာပေါ့။ အဲ့ဒီဆုံးဖြတ်ချက်ချပြီးချိန် ကျမတို့သားအမိအတွက် နောက်ထပ် ကမ္ဘာပျက်ချိန်ပေါ့။

ထိုင်းနိုင်ငံကို ထွက်လာတဲ့အချိန် ရနောင်း နယ်စပ်အထိ ကို စစ်ကောင်စီ ဂိတ်တွေကို ရင်တမမ နဲ့ ဖြတ်ကျော်လာခဲ့ရပါတယ်။ တစ်ဖက်ကမ်း ကူးချိန် ည ၁၂ နာရီကနေ အချိန်ကြာမြင့်စွာ အမှောင်အမဲထဲ အတူလာကြတဲ့ အုပ်စုထဲမယ် တယောက်လက်ကို တစ်ယောက် ဆွဲလို့ တစ်ညလုံး လမ်းလျှောက် ခရီးနှင်ခဲ့ကြရပြန်ပါတယ်။ စိတ်ထဲမှာတော့ သမီးလေးကျန်ခဲ့တာရော နေရာအသစ် ဘဝအသစ် အတွေးပေါင်းစုံလို့ပေါ့။ အဲ့ဒီလိုနဲ့ (၃) ရက်မြောက် နေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိ လာပြီး မိတ်ဆွေ သူငယ်ချင်း များရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံမှာ တရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိလာခဲ့ပါတယ်။ ချစ်ရတဲ့ မြန်မာနိုင်ငံကို စွန့်ခွာထွက်ပြေးလာခဲ့တော့ ထိုင်းနိုင်ငံက ကျမအတွက် လွတ်မြောက်နေရာ တစ်ခုလားလို့ ဆိုပြန်တော့လည်း …. မဟုတ်ခဲ့ပါဘူး။

ကျမတို့အတွက် လွတ်မြောက်နေရာမရှိဘူးလေ။ ထိုင်းနိုင်ငံက လွတ်မြောက်ရာ နေရာလို့ ထင်ထားခဲ့ပေမယ့် ထိုင်းရဲတွေရဲ့ ဖမ်းဆီးမှုကိုလည်း ခံခဲ့ရတဲ့အပြင် အခန်းအတွင်း အောင်းပြီး လပေါင်းများစွာ နေထိုင်ခဲ့ရပါသေးတယ်။ နောက်တော့ စက်ရုံတစ်ခုမှာ အလုပ်ရဖို့အတွက် အခွင့်အလမ်းတစ်ခု ရခဲ့ပါတယ်။ အခုဆိုရင် စက်ရုံကနေ ပန်းရောင်ကဒ် ရရှိဖို့ အခွင့်အလမ်း တစ်ခု လည်းရရှိခဲ့ပါတယ်။

 အစိုးရ ဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တဲ့ကျမ အခုတော့ ထိုင်းနိုင်ငံထဲက စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေပြန်ပါပြီ။ စက်ရုံအတွင်းအလုပ်လုပ်နေချိန်မှာလည်း ဘာသာစကားအခက်အခဲ လုပ်ငန်းကျွမ်းကျင်မှုမရှိတဲ့အတွက် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရပေမယ့် ကျမ ရရှိတဲ့လစာ ကနေ တချို့တဝက်ကို တော်လှန်ရေးအတွက် အမြဲ ပါဝင်လျှက် ရှိပါတယ်။

ကျမ ရဲ့နောက်ဆုံးမျှော်လင့်ချက်ကတော့ စစ်အာဏာရှင်ကို အမြစ်ဖြတ် တိုက်ဖျက်ပြီး ကျမချစ်ရတဲ့ မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လာချင်တာပါပဲ။ အခုတော့ ရောက်လာမယ့် နှစ်သစ်ကို ထိုင်းနိုင်ငံက စက်ရုံလုပ်ငန်းခွင်ထဲမှာပဲ စောင့်ကြိုရင်း မြန်မာပြည်က မိသားစုနဲ့ သမီးလေးကို လွမ်းနေရတော့မှာပေါ့။ လွတ်လပ်ပြီး တရားဥပဒေစိုးမိုးတဲ့ အနာဂတ် ဒီမိုကရေစီ နိုင်ငံကြီးအတွက် ကျမ ကြိုးစားပြီး တိုက်ပွဲဝင်မှာပါ။ အဲ့ဒီကျရင် သမီးလေးနဲ့ မေမေတို့ ပြန်ဆုံကြမယ်နော်။

ချစ်တဲ့ မေမေ

ဇာဇာ