Headlines

အာဇာနည်နေ့တွင် လွတ်မြောက်လာသူ

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် နေ့တွင်ဝန်ကြီးများရုံး (အတွင်းဝန်ရုံး)၌ ဗမာပြည်လွတ်လပ်ရေး အတွက် အစည်းအဝေး ပြုလုပ်နေကြသည်။ အစည်းအဝေးပြုလုပ်နေစဉ် နံနက် ၁၀ နာရီခွဲခန့်အချိန်၌ စစ်ဝတ်စံ ု ဝတ်ထားသော လူ လေး ငါးယောက် သည် တော်မီဂန်းစတင်းဂန်းစသည့် သေနတ်များကို ကိုင်ဆောင်၍ အစည်းအဝေး ခန်းမအတွင်း သို့ဝင်ရောက်လာကြသည်။

ရှေ့ဆုံးမှ ဝင်လာသူသည် “ဟိတ်” ဟု အသံကျယ်စွာ တစ်ခွန်းတည်းအော်လိုက်ပြီးဗိုလ် ချုပ်အောင်ဆန်းအား စ၍ပြစ်လိုက်လေသည်။ ထိုသို့ပစ်လိုက်သည်နှင့် တပြိုင်နက် ပျော်ဘွယ် ဦးမြနှင့် ဦးရွှေဘော်တို့သည် ပြူတင်းပေါက်မှကျော်၍ ထွက်ပြေးသွားခဲ့ကြသည်။

ဦးဘဂျမ်းက ကြမ်းပြင်ပေါ်တွင်မှောက်၍ အိပ်လိုက်ပြီး ဦးအောင်ဇံဝေ၏လက်ကို ဆွဲ၍ချ လိုက်သဖြင့် ဦးအောင်ဇံဝေလည်း အိပ်ချလိုက် သည်။ သေနတ်သမား သုံးယောက်တို့သည်ပထမ ရပ်၍ပစ်ကြ၏။ နောက်ဒူးထောက်၍ ပစ်ကြ၏။ ဦးဘဂျမ်းနှင့် ဦးအောင်ဇံဝေတို့မှာ ကြမ်းပေါ်တွင် မှောက်လျှက်ရှိနေသည်။ အပစ်အခတ်ရပ်စဲပြီး သေနတ်သမားများ ပြန်ထွက်သွား၍ တံခါးဝ လောက်အရောက်တွင် ဦးအောင်ဇံဝေသည် မှောက်နေရာမှ ထထိုင်ပြီး ဗိုလ်ချုပ်လဲနေသည့် ဘက်သို့ လက်ညှိုးထိုး၍ “သေကုန်ကြပြီ… သေကုန်ကြပြီ” ဟု ညည်းတွား လိုက်၏။ထိုအခါ ဦးဘဂျမ်းက ဦးအောင်ဇံဝေအား ဆွဲ၍လှဲလိုက် ပြီးလျှင် “မထနဲ့အုံး ပြန်ဝင်လာရင် ခင်ဗျားကို ပစ်လိမ့်မယ်” ဟုပြောလိုက်သည်။ မိနစ်ဝက်ခန့် ဆက်၍ မှောက်နေကြပြီးလျှင် နှစ်ယောက်အတူ ထကြလာခဲ့ကြသည်။ တစ်ခန်းလုံးမီးခိုးဖြင့်မှောင် လျှက် ယမ်းငွေ့တထောင်းထောင်း ထလျှက်ပင်ရှိ နေတော့သည်။

ထို့နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင် ကိုးဦးကျဆုံးသွားခဲ့ပြီး ယင်းနေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

ဦးအောင်ဇံဝေမှာ ရခိုင်အမျိုးသားတစ်ဦး ဖြစ်ပြီး မွေးရပ်ဇာတိမှာ ရခိုင်ပြည်နယ်၊ ကျောက် တော်မြို့ ဖြစ်သည်။ရန်ကုန်မြို့ စိန်ပေါအထက် တန်းကျောင်းတွင် ပညာသင်ကြားပြီးနောက် သီရိ လင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ မဟာဗောဓိကောလိပ် တွင် ဆက်လက်ပညာသင်ကြားရာ လန်ဒန် မက်ထရစ် အောင်မြင်ခဲ့သည်။ ပထမကမ္ဘာစစ် ဖြစ်ပွားချိန်တွင် ပညာသင်ရပ်၍ ဘုံဘေပြည်နယ် ပူးနားမြို့ရှိ စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် စိုက်ပျိုးရေး ပညာရပ်များကို သင်ကြားခဲ့သည်။ ပထမ ကမ္ဘာစစ်ကြီးပြီး၍ မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။

၁၉၃၁ တွင် မြန်မာဘုရင်ခံ ဆာချားလ် အင်းနစ်၏ စိုက်ပျိုရေးပညာနှင့် စပ်လျဉ်းသော ဂုဏ်ထူးဆောင် လက်မှတ်နှင့် ရွှေတံဆိပ်ဆုကို ချီးမြှင့်ခံခဲ့ရသည်။

၁၉၁၈ ခုနှစ်မှ စတင်၍ နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ပြီး ရက္ခပူရ ခေါ်ရခိုင်အသင်းကြီး၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျီစီဘီအေအသင်းကြီး၏ အသင်းဝင်လည်းဖြစ်ခဲ့သည်။ ထို့နောက် ကျောက်တော်မြို့တွင် အင်္ဂလိပ်-မြန်မာ အလယ်တန်းကျောင်းကို တည်ထောင်၍ ကျောင်းအုပ်အဖြစ် ဆောက်ရွက်သည်။ ၁၉၃၆ ခုနှစ်တွင် အောက်လွှတ်တော်အမတ်အဖြစ် စစ်တွေမြို့မှ အရွေးခံရသည်။ ဂျပန်ခေတ်တွင် တရားရေးဝန်ကြီးဌာန၌ လက်ထောက်အတွင်းဝန် အဖြစ်ဆောင်ရွက်သည်။

၁၉၄၅တွင် ဗိုလ်ချုပ် အောင်ဆန်းဦးစီးသော ဖဆပလ အဖွဲ့ချုပ်တွင် အလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ပင်လုံညီလာခံ ဖြစ်မြောက်ရေးအကြံပေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း ဥက္ကဋ္ဌ အဖြစ် ပါဝင်ဖွဲ့စည်း သော မြန်မာနိုင်ငံ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်၏ အတိုင်ပင်ခံဝန်ကြီးအဖွဲ့တွင် လူမှုဝန်ထမ်း၊ကျန်း မာရေးနှင့် ဝေဒန္တရ ဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ပါဝင်ခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် တွင် ပင်လုံညီလာခံ၌ ဗမာနှင့် တိုင်းရင်းသား ခေါင်းဆောင်တို့နှင့်အတူ ပါဝင် ဦးဆောင် ခဲ့သည်။ ဦးအောင်ဇံဝေမှာ မြန်မာနိုင်ငံ လွတ်လပ် ရေးရပြီးနောက် ပါလီမန်အမတ်အဖြစ် စစ်တွေမြို့မှ ရွေးချယ်ခံရပြီး လူမှုဝန်ထမ်းနှင့် ကျန်းမာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် ၁၉၄၉ ခုနှစ်တွင် လူမျိုးစုရေးရာ ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့ သည်။

၁၉၅၃ ခုနှစ် ဇွန်လ (၁)ရက်နေ့တွင် ရာထူးဝန်အဖွဲ့( ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့) အဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်းခံရ သည်။ ဦးအောင်ဇံဝေသည် ၁၉၇၀ ပြည့်နှစ်တွင် ကျင်းပသော အမျိုးသား အောင်ပွဲနေ့ ရွှေရတု သဘင် ဖြစ်မြောက်ရေး ကော်မတီ တွင် အဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဦးအောင်ဇံဝေ သည် ၁၉၈၄ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

မြတ်နိုးသာ