Headlines

အမ်းမြို့တွင် အုပ်ချုပ်ရေးမှူး တဦးဖမ်းဆီးခံရပြီး မိသားစုနှင့် တွေ့ခွင့်မရ

ရခိုင့်အသံ။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၂၃) ရက်။

ရခိုင်ပြည်၊ အမ်းမြို့၊ အမှတ် (၃) စျေးတောင် ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးညီထွေး(အသက် ၃၈နှစ်) အား  အမ်း စရဖ တပ်မှ စစ်ဆေး မေးမြန်စရာ ရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားခဲ့ရာ ၁၀ ရက်ကျော်လာသည့်တိုင် မိသားစု နှင့် အဆက်အသွယ် မရရှိသေးကြောင်း သိရှိရသည်။

” လာခေါ်တာကတော့ စရဖ က လာခေါ်သွားတာပါ၊ ညနေလောက်မှာ လာခေါ်သွားတယ်၊ အစကတော့ အုပ်ချုပ်ရေးမှူးကို ကိစ္စ ရှိလို့ ခေါ်သွားတယ်လို့ပဲ ထင်တာ၊ အယင်ကလည်း သူတို့ ဖမ်းစရာ၊ စစ်ဆေးစရာ ရှိယင် အုပ်ချုပ်ရေးမှူးကို ခေါ်နေကြဆိုတော့ ဖမ်းတယ်လို့ မထင်ဘူးပေါ့၊ နောက်တနေ့ ပြန်မရောက်လို့ စုံစမ်းကြည့်တော့ မေးမြန်းစရာရှိလို့ပါ မကြာပါဘူး ပြောပါတယ်၊ အခုတော့ ၁၀ ရက်ကျော်လာပါပြီး၊ မိသားစုက တွေ့ခွင့် တောင်းတာလည်း တွေ့ခွင့် မပေးဘူး။ ရဲစခန်း လည်း လာမပို့ စရဖ က တပ်ထဲ ခေါ်သွားတော့ ပိုပြီး စိတ်ပူနေကြပါတယ်” ဟု မိသားစုဝင် တဦးက ပြောသည်။

ဦးညီထွေး မှာ စစ်တက္ကသိုလ် DSA တွင် ကျောင်းတက်ခဲ့သူ တဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်က အုပ်ချုပ်ရေးမှူး အဖြစ် စကစမှ ရွေးချယ် ခဲ့သူ ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာ သိမ်းပြီးနောက် ပြည်သူမှ ရွေးကောက်ပွဲ ဖြင့် ရွေးကောက် တင်မြှောက်ထားသော အမ်းမြို့ပေါ် ရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို စကစမှ ဖြုတ်ချခဲ့ပြီး ၎င်းတို့ ယုံကြည်စိတ်ချရသော သူများကို အစားထိုးကာ တိုက်ရိုက် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။