Headlines

မျှော်လင့်ခြင်း

ကျနော်က CDM ကျောင်းဆရာတဦး ဖြစ်ပါတယ်။

၂၀၂၂ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာနိုင်ငံ စစ် အာဏာသိမ်းခံရပြီးနောက် ၅ ရက်နေ့ကစလို့ CDM လုပ်ခဲ့ပါတယ်။

စစ်အာဏာမသိမ်းခင်က ဝန်ထမ်းအဖို့ COVID-19 ကြောင့် ကျောင်းဝန်းအတွင်း Center လုပ်လို့ တိုက်ခန်းငှား နေရတာက စခဲ့ရပါတယ်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဝန်ထမ်းအိမ်ယာ ဆိုတာ CDM သမားတွေ မနေရတော့ဘူးဆိုတော့ ဘဝက ပိုဆိုးလာခဲ့တာပေါ့။

“ဒါပေမယ့်လို့ ကိုယ်ရဲ့ ယုံကြည်ချက်ခိုင်မာစွာနဲ့ ဆက်လက်ရပ်တည်ခဲ့တယ်။ ဆန္ဒပြရင်းနဲ့ပဲ လမ်းဘေးက ပြည်သူတွေ ကျွေးတဲ့ ထမင်းကိုစားပြီး နေရတဲ့ ရက်က များလာပါလေရော။”

အမေ့အိမ်၊ အမေ့ထမင်း ဘယ်ဆီနေမှန်းမသိ။ ညဘက်ရောက်ပြန်တော့ လည်း ညသပိတ် လုပ်လို့ ပြည်သူတွေ အန္တရာယ်ကင်း ဖို့ရန်အတွက် ရှေ့ဆုံးက အသေခံဒိုင်းကာ နဲ့ ပါဝင်ခဲ့တယ်။

ပြည်သူတွေပေးတဲ့ စာအိပ်ထဲက ငွေအချို့ဟာ တိုက်ခန်းလစာရဲ့ ဝင်ငွေတစ်ချို့ ဖြစ်လာခဲ့ရပါပြန်ပါတယ်။

ဒီနောက် ၃ လပိုင်းရဲ့ အပြောင်းအလဲ အချို့တွေ မှာ ကတိုက်ခန်း ပွဲစားရဲ့ ဒလန်ကြောင့် ခွေးတွေရဲ့ ညဘက် ဝင်ရောက် ခြောက်လန့်ခြင်းကို အဖော်မဲ့စွာနဲ့ ရင်ဆိုင်ခဲ့ရတယ်။

နောက်ပြီး ညအိပ်ရာဝင်မယ့် အချိန်တိုင်းလည်း ဘေးတိုက်ခန်းတွေရဲ့ အိမ်သာကျင်းပေါ်လည်း လူငယ်လူရွယ်တွေနဲ့အတူ တိုးဝှေ့ ပုန်းခို နေရပြန်‌ပါတယ်။

ကျနော် ကြောက်တယ် အမေ….ကျနော်ကိုများ လာဖမ်းတော့မလား ဆိုတဲ့ ကြောက်စိတ်၊ အားငယ်စိတ်တွေနဲ့ ဖြတ်သန်းနေရတယ် အမေ….

ညဘက်ဆို လမ်းထိပ်မှာ ကင်းစောင့်ရင်း တစ်ညလုံး နေခဲ့ရတဲ့ ညတွေလည်း ရှိခဲ့သလို ညဘက် သေနတ်သံ၊ လေးခွတွေနဲ့ မြင်မြင်ရာ ပစ်ပေါက်တဲ့ ဘေးကလည်း ရှောင်တိမ်နေပြီး နေခဲ့ရတာပေါ့။

ဒါပေမယ့်အမှန်တရားအတွက် အသေခံရလည်းမြတ်တယ်ဆိုတဲ့ စိတ်က ဘယ်ကနေ ရောက်လာတယ်ဆိုတာ ပြောမပြနိုင်အောင် ရဲရင့်လာပြီးတော့ ရပ်ကွက် ထဲက ပြည်သူတွေ ကူညီပေး ဖေးမ ပေးမှု တွေနဲ့ နေရာတစ်ခုမှာ ခိုလှုံနိုင်ခွင့် ရရှိခဲ့ ပြန်ပါတယ်။

ဒါကိုကံကောင်းခြင်းလို့မပြောနိုင်‌တော့ဘူးလေ။

ရုတ်တရက် နေစရာပေးတဲ့ သူက ဆုံးသွားလို့ ဒုက္ခထပ်တွေ့ရပြန် ပါသေးတယ်။
လူတိုင်းက ထမင်းတစ်နပ် ကျွေးနိုင် ပေမယ့်လို့ ခေါ်ထားဖို့ဆိုတာက CDM ဆို ပြီးပြောလိုက်တာနဲ့ ဒလန် တွေရဲ့ စိတ်ယုတ်ကြောင့် မိသားစု ဘေးကို ကြည့်ရပြန်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခက်အခဲ တွေ အခြေအနေတွေကို နားလည်ပေးပြီး ကူညီပေးခဲ့တာတွေကြောင့် “ပြည်သူမှာ ပြည်သူပဲ ရှိတယ်”ဆိုတဲ့ စကား သိပ်မှန်တာပါပဲ။

ပြည်သူတွေကိုလည်း ကျေးဇူးလည်းတင်မဆုံး ဝမ်းနည်း ဝမ်းသာ ဖြစ်ရ ပြန်ပါတယ်။

အဲဒီနောက် စကစ ရဲ့ ရက်စက်မှု၊ အကြမ်းဖက် မှုတွေဟာ တစ်နေ့ထက် တစ်နေ့ ပိုမို ဆိုးရွားလာခဲ့တယ်။

တခဏအတွင်း ရက်စက်မှုတွေ၊ ယုတ်မာချက်တွေအပေါ် ကြောက်စိတ်ထက် ပြန်ခုခံမှ ရမယ် ဆိုတဲ့ စိတ်နဲ့ ကျောင်းဆရာ လုပ်သက်(၁၅)နှစ်ဝန်ကျင်အတွင်း ပင်ပန်းကြီးတဲ့ အရာဆို ရေတစ်ထမ်းတောင် မသယ်ခဲ့ရတဲ့ဘဝ၊ အမိုးအရိပ်အောက်မှာ
ကြော့ကြော့လေး နေရတဲ့ ဘဝ၊ ပြန်တန်းဝင် အရာရှိ ဖြစ်လာမယ့်ဘဝ၊ ပညာတွေ ဘွဲ့တွေ ဆက်တက်ခွင့်ရနိုင်မယ့်ဘဝ ၊ အကောင်းဆုံး သုခ၊ မာန ၊လောကစည်းစိမ်တွေကို CDM ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုနဲ့ပဲ ကျနော် သိမ်းဆည်းထားလိုက်ပါ‌တော့တယ်။

သာမာန်ပြည်သူတစ်ယောက်ရဲ့ နိုင်ငံသားကောင်း တစ်ယောက်ဖြစ်ဖို့ရန်အတွက်ကို ဘာပဲဖြစ်ဖြစ်ဆိုပြီးငွေကျပ်(၁၅၀၀၀) နဲ့ အတူ (၁၅.၄.၂၀၂၁) ရက်နေ့မှာ ဘယ်သူ့ ဘယ်တစ် ယောက်ကိုမှ အသိမပေးဘဲ ထွက်ခွာလာပြီး EAOs တပ်စခန်း ကို ရောက်မှ ကျနော့် အမေကို ကျနော် နေကောင်း ကျန်းမာစွာ လုံခြုံလျှက် ရှိနေတဲ့အကြောင်း အသိပေးလိုက်ပါတော့တယ်။

ကျနော်အမေကိုတော့ ခွင့်လွှတ်ဖို့ရန် အတွက် မတောင်းပန်ခဲ့ သလို မိဘတွေကို ဝန်ထမ်းကောင်းနဲ့ နိုင်ငံသားကောင်း မွေးထုတ်နိုင်လို့ ဂုဏ်ယူဖို့ကိုသာ ကျနော် ပြောခဲ့ပါတယ်။

အမေ ဖြစ်သူကတော့ ” အမေ့ သား အိမ် ပြန်လာမယ့် ရက်ကိုသာ အိမ်ကနေ တဖဝါးမှ မခွါပဲ စောင့်နေမယ်လို့ ဘာပဲဖြစ်ဖြစ် ဘယ်အခြေအနေ ရောက်ရောက် ရောက်အောင်ပြန်လာခဲ့ပါနော်……” သား လို့ လေသံ သဲ့သဲ့ ရှိုက်ငိုသံ တွေနဲ့ ပြောရှာတဲ့ အမေ့အသံ ကျနော် အခုထိ ကြားယောင်ဆဲပါ အမေ။

နောက် COVID-19 တတိယလှိုင်း အပြင်းအထန်တွေ ဖြစ်လို့ အိမ်တံခါးပိတ်ပြီ သား ပြန်အလာကို စောင့်ရင်း နေခဲ့တဲ့ အမေတို့အကြောင်းကိုတော့ တောထဲမှာ ၈ လလောက် နေပြီမှ သိခွင့်ရခဲ့ရပါတယ်။

သူများတွေလို လိုင်းသုံးဖို့ နေသာသာ Keypad ph တစ်လုံး ဝယ်နိုင်ဖို့အရေးက ကျပန်းလုပ်ရတဲ့ ဘဝတိုင်းအသိဆုံးဖြစ်ပါလိမ့်မယ်။

နှစ်စဥ် နှစ်တိုင်း ကျနော့် မိဘတွေကို ကျနော့်လစာ နဲ့ ကန်တော့ နိုင်ခဲ့ပေမယ့် အခုချိန် မှာ အမေ အတွက် ရေ တစ်ခွက်တောင် မပေးနိုင်ခဲ့ဘူး အမေ။
“သားကို ခွင့်လွှတ်ပါအမေ။”

မျှော်လင့်ချက်တွေနဲ့ သစ္စာတရားကို ဘာမှန်းမသိနားမလည်သော နိုင်ငံရေးထဲသို့ ခြေစနင်းရတော့ပါမယ်။

“အခုတော့ပညာရေးနဲ့နိုင်ငံရေးခွဲထားလို့မရဘူးလို့ ပြောတာဟာ သိပ်မှန်တာပါလားလို့ သိရှိနားလည်လာခဲ့ပါတယ်။”

မတတ်ကျွမ်းတဲ့နယ်ပယ် တစ်ခုမှာ အတွေ့အကြုံ အရရော ဘာတစ်ခုမှ နေသားကျတာ မရှိခဲ့ပေမဲ့အခုဆို ကျနော် ရေနဲ့ ထမင်းကြမ်းကို မြိန်ရေ ယှက်ရေ စားတတ်နေခဲ့ပြီ အမေ။

ဘယ်လိုပဲဖြစ်နေ ဖြစ်နေ ကျနော် အမြဲ သီဆိုနေကျ ကျနော် ရဲ့” အိမ်” ‌ သီချင်းက ကျေးငှက်သံ တွေနဲ့ အတူ လွမ်းချင်း တစ်ပုဒ်လို တောတောင်ခွင်မှာ ဟစ်ကြွေးငိုရှိုက်ရင်း အမေကို သတိရလိုက်တာဗျာ။

ကျနော်လုပ်စရာရှိတာကို ဆက်လုပ်နေခဲ့ပါတယ်။
တောထဲ မှာ တခြား ရဲဘော်တွေနဲ့အတူ ကျရာ တာဝန်ကို ထမ်းဆောင်ရင်း တခြားရဲဘော်တွေ
လိုပဲနေသားကျလာခဲ့တယ် ဆိုရမှာပေါ့ဗျာ။

နောက် တစ်နှစ်ခွဲလောက် ကြာပြီးနောက် ဒုတိယ အကြိမ် မိဘတွေနဲ့ တဖန် အဆက်အသွယ် ရခဲ့ပြန်ပါတယ်။

ကျနော့် အမေက မျှော်မြဲ မျှော်ဆဲ ……. ပြီးတော့ ကျနော့်ကို မေမေက မေမေချစ်သော သားရေ ” ငွေကြေးကြောင့် ဂုဏ်တက်သလို၊ ဂုဏ်လည်းကျစေတယ် နော် သား။ ဘာအခက်အခဲ ပဲရှိရှိ ဘာပဲဖြစ် ဖြစ်မရှိရင် တောင်းစားနော် လိမ်မစားနဲ့ ခိုးမစားနဲ့နော် သူတောင်းစားဆိုတာပဲ ဖြစ်တယ်”လို့ သွန်သင်ဆုံးမ အား‌ပေးစကားပြောလာခဲ့တယ်။

ကျနော် ငိုချင်တယ် အမေ့အိမ် ပြန်ချင်တယ်ဗျာ။

တစ်နေ့ ကျနော်တို့ တိုင်းပြည်ကြီး ကျနော်တို့ တော်လှန်ရေးကြီး အောင်မြင်သွားခဲ့ရင် ကံတရားက ကျနော့်ကို မျက်နှာသာပေးလို့ ကျနော် အသက်ရှင်နေခဲ့ရင်လေ အမေ… ကျနော် အမေ့ဆီ အရင်ဆုံး ပြေးပြန်လာခဲ့မယ်ဗျာ။

ဇာဇာ