Headlines

ပြည်တွင်း စက်သုံးဆီပြတ်လတ်မှု ဆိုးရွားစွာဖြစ်ပေါ်နေစဉ် စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိကြောင်း စစ်ကောင်စီထုတ်ပြန်

ရခိုင့်အသံ။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်
ရန်ကုန်၊ မန္တလေး နေပြည်တော်အပါအဝင် မြို့ကြီးများတွင် ဓါတ်ဆီ (92/95) အပါအဝင် စက်သုံးဆီများ ပြတ်လတ်နေပြီး ဆီအရောင်းဆိုင်များတွင် မော်တော်ယာဉ်အစီးရေ ရာနှင့်ချီကာ တန်းစီစောင့်ဆိုင်းနေရသည်ကို တွေ့မြင်နေရသည်။
လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီ ပြတ်လတ်မှုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုးဆုံးပြတ်လပ်မှုဖြစ်ကြောင်း မော်တော်ယာဉ်မောင်းနှင်သူများကဆိုသည်။
အင်းစိန်မြို့နယ်အတွင်း ဘေးတွဲယာဉ်မောင်းနှင်သူတစ်ဦးက “ကျွန်တော်ဆို ညအိပ်ဖို့ အိမ်မပြန်တော့ပဲ ဆီတန်းစီနေရတယ်။ ထမင်းလဲဆီတန်းစီရင်း အပြင်မှာပဲ ဝယ်စားလိုက်တယ်။ ဆီက ရတော့ရပါတယ်။ ဒါပေမယ့် ခက်တယ်။” ဟု ပြောသည်။
အသုံးများသော 92 ဓါတ်ဆီ ၁ လီတာကို ၂၇၀၀ ကျော် ဈေးသတ်မှတ်ပြီး ရောင်းချပေးသော်လည်း ရန်ကုန် ပြင်ပမှောင်ခို ဈေးကွက်တွင်မူ ၁ လီတာကို ၆၀၀၀ မှ ၈၀၀၀ အထိပေးဝယ်ကြရသည်ဟု ပြောသည်။
“ကျွန်တော်တို့က တရက်ကို ဆီရအောင် အချိန်ပေးပြီး တန်းစီရတယ်။ နောက်တနေ့မှာမှ အငှားလိုက်ပြီး ပိုက်ဆံရှာရတယ်ဗျာ။ အုံနာခ (ပိုင်ရှင်ကြေး) ပေးဖို့နဲ့ ဆီစရိတ်ကာမိအောင် မနည်းရှာရတယ်ဗျာ။ နေ့စဉ်ခေါ်ထားတဲ့ အော်ဒါဖောက်သည်မပျက်အောင်လဲ တော်တော်အချိန်လုပြီး ရုန်းကန်ရတယ်ဗျာ။ ဒီအတိုင်း နောက်တလလောက်သာဖြစ်နေရင် ကျွန်တော်တော့ အငှားယာဉ်ပြန်အပ်ပြီး နောက်အလုပ်ရှာရတော့မယ်။” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ အငှားယာဉ်မောင်း တစ်ဦးကပြောသည်။
မန္တလေးမြို့ခံတစ်ဦးကလည်း “ဒီမှာက ဆိုင်ကယ်အသုံးများတယ်။ အချိန်ရတဲ့အခါ ဆီကိုတန်းစီပြီးဝယ်တယ်။ အလျင်လိုတဲ့အခါတော့အပြင်ကပဲ ကြုံသလိုဝယ်ထည့်ရတယ်။ ဈေးကတော့ အမျိုးမျိုးပဲ၊ ငါးထောင်‌ ခြောက်ထောင် ပေးရတာပေါ့” ဟုပြောသည်။
ပဲခူးတိုင်းအရှေ့ခြမ်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဌာနဆိုင်ရာ၊ လုံခြုံရေးတပ်ဖွဲ့နှင့် စစ်တပ်အတွက် လိုသည့်အချိန် ဆီရောင်းချပေးရမည်ဟု ဒေသအာဏာပိုင်က မှာကြားထားပြီး အရပ်သားများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနိုင်သဖြင့် လယ်ယာသုံးစက်ကိရိယာသုံးစွဲ ထွန်ယက်ရသူများအတွက် အခက်အခဲဖြစ်ပြီး စရိတ်ကုန်ကျမှု အဆပေါင်းများစွာတိုးလာသည်ဟု ပြောသည်။
စက်သုံးဆီ အရောင်းဆိုင်များတွင် ဆီရောင်းချပေးမည့်အချိန်ကို ရာကျော်အရေအတွက်ရှိသည့် မော်တော်ယာဉ်များ မိုင်နှင့်ချီကာ တန်းစီစောင့်ဆိုင်းနေရပြီး အလှည့်ကျချိန်တွင် ဆီမရတော့သဖြင့် ညအိပ်စောင့်ဆိုင်းဝယ်ယူနေကြရသည်။ စက်သုံးဆီပြတ်လတ်မှုသည် ဆီတင်သွင်းရာတွင် ပေးချေရမည့် နိုင်ငံခြားသုံးငွေ (ဒေါ်လာ) ပြတ်လတ်မှုနှင့် စံချိန်တင်ဈေးကြီးမြင့်မှု၏ အကျိုးဆက်ကြောင့်ဖြစ်ကြောင်း ဆီလုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။
ဩဂုတ်လ (၁၄)ရက်နေ့က စက်သုံးဆီလုပ်ငန်းရှင်များကို ဒေါ်လာ သန်း ၁၀၀ ပံပိုးမည်ဟု ဗဟိုဘဏ်က ကြေငြာခဲ့သော်လည်း မည်သည့်အစီစဉ်ဖြင့် မည်သည့်အချိန်တွင် ပံပိုးမည်ဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိပေ။

ပုံစာ ဗဟိုဘဏ်၏ ဩဂုတ် ၁၄ ရက်ထုတ်ပြန်ချက်

ဩဂုတ်လ (၁၅)ရက်နေ့တွင် စစ်ကောင်စီအာဘော် သတင်းစဉ်က ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏အခြေအနေအရ ဆီပြတ်လတ်မှုမရှိနိုင်ကြောင်း ဆိုသည်။

ပုံစာ ပြန်ကြားရေးဝန်ကြီးဌာန၏ ဩဂုတ် ၁၅ ရက် သတင်းထုတ်ပြန်ချက်

ပုံစာ မင်္ဂလာဒုံမြို့နယ်နှင့် အင်းစိန်မြို့နယ်ကြား၊ ခရေပင်လမ်းပေါ်တွင် CNG နှင့် ဆီဝယ်ယူရန် တန်းစီနေသော ယာဉ်များကို ဩဂုတ် ၁၅ ရက်နေ့ တွင် တွေ့ရပုံ