ရခိုင်တို့သည် လွန်ခဲ့သောနှစ်ပေါင်း ထောင်ချီ၍ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် ကမ္ဘာ့အလယ်တွင် ထယ်ဝါစွာ ရပ်တည်နေထိုင်လာခဲ့ကြသည်။ ရခိုင်တို့သည် မိမိနိုင်ငံ မိမိလူမျိုးကိုချစ်မြတ်နိုးသော စိတ်ဓါတ်ဖြင့် ဇာတိသွေး ဇာတိမာန် ပြင်းထန်စွာ ကြီးကျယ်ခမ်းနားသော ရခိုင်နိုင်ငံတော်ကြီးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ကြသည်။ မိမိနိုင်ငံ၊ မိမိလူမျိုး၏ နိုင်ငံရေး၊ စီပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ တိုးတက်မြင့်မားလာအောင် ကြိုးပမ်းခဲ့ကြသည်။ ထိန်းသိမ်းကာကွယ်ခဲ့ကြသည်။
ထိုသို့ နေထိုင်လာခဲ့ကြရာ ၁၇၈၄ ခုနှစ်တွင် အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲပြီး ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း၏ ကြားဝင်ဖျန်ဖြေပေးမယောင်နှင့် သိမ်းပိုက်ခြင်းကို ခံခဲ့ရသည်။ ရခိုင်တို့သည် အင်္ဂလိပ်နယ်ချဲ့၊ ဖက်ဆက်ဂျပန်နယ်ချဲ့၊ ဗမာနယ်ချဲ့တို့လက်အောက်တွင် ကျွန်လက်ပြောင်းလက်လွှဲဘဝဖြင့် နေထိုင်လာခဲ့ ကြရသည်။ ရခိုင့်အာဇာနည် ခေါင်းဆောင်တို့သည် ရခိုင်အမျိုးသားတို့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြရာ ယင်းအထဲတွင် ဆရာကြီး ဦးဦးသာထွန်းလည်း တဦးအပါ အဝင်ဖြစ် လေသည်။
ဆရာကြီး ဦးဦးသာထွန်းကို ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ညောင်ပင်ဈေးရွာနေ (အဘ)ဦးကောင်းစံရွှီ၊ အမိ ဒေါ်အောင်ကြွဇံတို့မှ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလ (၂၃)ရက်၊ သောကြာနေ့တွင် မွေးဖွားခဲ့ပြီး တဦးတည်းသော သားဖြစ်သည်။ အဘိုးဖြစ်သူ ဦးသာထွန်းအောင်မှာ ရာဇဝင်ဆရာကြီး တဦးဖြစ်ပြီး ဟိန္တူစာ၊ သက္ကဋဘာသာ၊ ပါဠိဘာသာတို့ကို တတ်မြောက်လေရာ၎င်းတတ်မြောက်ထားသော ပညာရပ်တို့ကို သားစဉ်မြေဆက် တတ်မြောက်လိုသော စေတနာ၊ ရခိုင်သမိုင်း မကွယ်ပျောက်စေလိုသော ဆန္ဒဖြင့်ဆရာကြီး ဦးဦးသာထွန်းအား ငယ်စဉ်ကပင်မွေးစားခဲ့သည်။
ဆရာကြီး ဦးဦးသာထွန်းအားရခိုင် ရာဇဝင်၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ် ကျမ်းများကို နုတ်တိုက်အာဂုံ သင်ကြားပေးခဲ့ပြီးအသက် (၁၃) နှစ်၊ (၁၄) နှစ်သားမှစ၍ ကျောက်စာ ကူယူသည့် ပညာကို လေ့လာသင် ယူစေခဲ့သည်။ ဆရာကြီးသည် နဝမတန်းတွင် ပညာသင်ကြားနေစဉ် ဖခင်ကွယ်လွန်သွားသဖြင့် ကျောင်းမှ ထွက်လိုက်ရပြီးနောက် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ် တို့ထံ၌ သက္ကဋ၊ ပါဠိ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့်အခြား လောကီ ပညာရပ်များကို သင်ကြား လေ့လာ ဆည်းပူးခဲ့သည်။
၁၉၅၀ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ မူလတန်းကျောင်းဆရာ အဖြစ်လည်းကောင်း၊ ၁၉၅၅ခု နှစ်မှ ၁၉၇၇ ခုနှစ်ထိ မြောက်ဦးမြို့ရှေးဟောင်းသုတေသနဌာနခွဲတွင် ရခိုင်မြန်မာပဏ္ဍိတ်အဖြစ်လည်းကောင်း၊ ၁၉၇၇ ခုနှစ်မှ ၁၉၈၃ ခုနှစ် ထိ မြောက် ဦးမြို့ ရှေးဟောင်း သုတေသန ဌာနခွဲတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
ဆရာကြီးသည် ရခိုင်ပြည်တွင်းရှိ တွေ့ရှိသမျှ ကျောက်စာများကို ကူးယူ၍ ဘာသာပြန်ဆိုခဲ့ပြီး ၁၉၈၀ ခုနှစ်မှ ၁၉၈၃ခု နှစ်ထိ တူးဖော်ခဲ့သော ရခိုင်ဝေသာလီမြို့ဟောင်းတူးဖော်မှုလုပ်ငန်းတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်တူးဖော်ဆောင်ရွက်ခဲ့သည်။ ဆရာကြီးသည် ရခိုင်ပြည် တွင်းရှိ ဘုရားသမိုင်းများ၊ ရခိုင်ရာဇဝင်ကျမ်းများ၊ ရခိုင်
ဒင်္ဂါးများ၊ ဆေးကျမ်းများ၊ယဉ်ကျေးမှုများ စသည့်ရခိုင်တို့၏ သမိုင်းဆိုင်ရာများကို ရေးသား ဖော်ထုတ်ခဲ့သည်။
ဆရာကြီးသည် ကွယ်ပျောက်လုနီးပါး ဖြစ်နေခဲ့သော ရခိုင့်ယဉ်ကျေးမှုအမွေအနှစ်၊ ရခိုင့်သမိုင်း၊ ရခိုင့်စာပေ၊ ရခိုင့်ရိုးရာထုံးတမ်းစဉ်လာများကို အသစ်တဖန်ပြန်လည် မွေးထုတ်ပေးခဲ့သည်။ ဒဏ္ဍာရီပုံပြင်များကဲ့သို့ သဘောထားနေကြသော ရခိုင့်သမိုင်းကို နိုင်ငံတကာ သုတေသီပညာရှင်များ လက်ခံနိုင်လောက်အောင် စနစ်တကျ သုတေသနပြု တင်ပြခဲ့သည်။ ဆရာကြီး၏ကျေးဇူးကြောင့် ရခိုင်သမိုင်းသည် ပိုမိုတောက်ပလာခဲ့သည်။
ဆရာကြီးသည် မိမိလူမျိုး၊ မိမိဘာသာသာသနာအတွက် အသက်ကို စွန့်ရန် ဝန်မလေးခဲ့သူ၊ စွန့်ဝံ့ခဲ့သူလည်း ဖြစ်သည်။ ဆရာကြီးသည်ရိုးသားတည်ကြည်သူ ဖြစ်သည်နှင့်အညီအမှန် တရားကိုလည်း မြတ်နိုးခဲ့သည်။ မဟုတ်မတရားစွပ်စွဲလာသူ၊ မိမိလူမျိုး၏ ဂုဏ်ရောင်ထွန်းပြောင်ခဲ့သောသမိုင်းကို မှုန်ဝါးအောင် ပြုလုပ်လိုသူများကို ခေါင်းငုံ့မခံဘဲ ပြတ်ပြတ်သားသား တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်လည်ရှင်းလင်း ပြခဲ့သည်။
၁၉၈၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့က ရခိုင်အမျိုးသားတို့၏ သမိုင်းအား ပျက်ရယ်ပြုရန် ရည်ရွယ်ချက်ဖြင့် စိန်ခေါ်ရန် ရောက်ရှိလာသော ဆရာတော် ဦးညာဏိဿရ၏ မေးခွန်းများအား ပညာရှိပီသစွာ ပြန်လည်ရှင်းလင်း ဖြေကြားနိုင်ခဲ့သည်။ မရိုးမသားသော နည်းဖြင့်ချဉ်းကပ်လာသော ဆရာတော်ကြီးများလည်း ဆရာကြီး၏ ပညာအလင်းရောင်ကြောင့် လမ်းကြောင်းမှန် တခုကို ချဉ်းကပ်နိုင်ခဲ့ကြသည်။ မိမိတို့လူမျိုး၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတို့အား အထင်မသေးရန် အထူးလိုအပ်ကြောင်းနှင့် ထိန်းသိမ်းကာကွယ်တားဆီးရန် လိုအပ်ကြောင်း
ဆရာကြီး၏ ရှင်းလင်းဖြေကြားချက်က သက်သေခံနေသည်။
မိမိယဉ်ကျေးမှု အမွေအနှစ်များကို တန်ဖိုးထားတတ်ရန် လေးစားဂုဏ်ယူတတ်စေရန် အသက်နှင့်ရင်း၍ ပြသခဲ့သည်။ ဆရာကြီး၏ ကျေးဇူးကြောင့် ရခိုင်သားတို့၏ အမျိုးသားရေး ဇာဓိမာန်သည် ပိုမိုနိုးကြားစေခဲ့
သည်။ ဆရာကြီး၏ အသက်ရှင် ရပ်တည်နေမှုသည် ရခိုင်သားတို့၏ အမျိုးသားရေးဇာတိမာန်တို့ကို ပိုမို တိုးတက် မြင့်မာလာစေပြီး ဗမာစစ်ဝါဒီတို့၏ ရခိုင်လူမျိုးများအပေါ် မတရားဖိနှိပ်မှုကို အတားအဆီးတခု ဖြစ်စေခဲ့သည်။
ဤသို့ဖြင့် ဆရာကြီးအား အကြိမ်ကြိမ်ဖမ်းဆီး ချုပ်နှောင်သတ်ဖြတ်ရန် ကြိုးစားလာခဲ့ကြသည်။
ဆရာကြီးသည် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၏နာယကကြီးအဖြစ် ထမ်းဆောင်ခဲ့ပြီး ပါတီ၏ စည်းရုံးရေး ခရီးစဉ်အဖြစ် အနယ်နယ် အရပ်ရပ်သို့လှည့်ကာ မဲဆွယ်တရားဟောပြောခဲ့သည်။ ဆရာကြီး၏ ဟောပြောမှုများက ဗမာ စစ်ဝါဒီများအား အနာပေါ် တုတ်ကျမိသကဲ့သို့ ဆတ်ဆတ်ထိ မခံရပ်နိုင်ဖြစ်ခဲ့ရသည်။ ထို့ကြောင့်ဆရာကြီးအား အငြိုးထားကာ မတရားဖမ်းဆီးခဲ့ကြသည်။
ဗမာစစ်ဝါဒီတို့ကာ ဆရာကြီးအား မင်းပြားမြို့နယ်၊ ပြားချောင်းကျေးရွာတွင် ဟောပြောချက်များဖြင့် (၀၉.၀၅.၉၀) ရက်နေ့တွင် စစ်တွေမြို့ လမ်းမတော်ရပ်ကွက်ရှိ ပါတီ၏စစ်တွေ ဗဟိုရုံးဖြစ်သော ဦးလူဖြူနေအိမ်၌ ဖမ်းဆီး တရားစွဲဆိုခဲ့သည်။ စစ်တွေအကျဉ်းထောင် စစ်ခုံရုံးမှ (၂၂.၀၅.၉၀)ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့သည်။ ဆရာကြီးအား ထောင်ထဲတွင် ထမင်းကျွေးရာ၌ စိန်အစရှိသောအဆိပ်ပါသည့် အစားအစာများကို နေ့စဉ်လိုလို အနည်းငယ်ထည့်ကျွေး လုပ်ကြံခဲ့ရာ (၁၄.၀၈.၉၀) ရက်၊ အင်္ဂါနေ့ ညနေ ၇ နာရီ ၃၀ မိနစ်အချိန်တွင် စစ်တွေအကျဉ်း ထောင်ထဲ၌ ကွယ်လွန်ခဲ့ရသည်။
ဆရာကြီးသေဆုံးခြင်းသည် ၎င်းတို့လက်ချက် မဟုတ်ကြောင်း ခိုင်လုံထင်ရှားစေရန် ဗမာစစ် အစိုးရက “ဆရာကြီး သေဆုံးရခြင်းမှာဦးခေါင်းတွင် သွေးမတိတ်သည့်ရောဂါဖြင့် အကျဉ်းထောင်ဆေးရုံတွင် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း (The Truth) အမည်ရှိ ဆောင်းပါးဖြင့် လုပ်ကြံဆောင်းပါးဖန်တီးရေးသား ခဲ့ကြသည်။
ရခိုင်တစ်မျိုးသားလုံး လေးစားကြည်ညိုသော ဆရာကြီးအား (နဝတ) စစ်အစိုးရကညှင်းပန်းနှိပ်စက် အဆိပ်ခပ် သတ်ဖြတ်ကာ ရခိုင်တမျိုးသားလုံး ဦးကျိုးအောင် ချိုးနှိမ်ခဲ့ခြင်းဖြစ်သည်။ ဆရာကြီး ကွယ်လွန်ခြင်းသည် ရခိုင် တမျိုးသားလုံးအတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီး တရပ်ဖြစ်သည်။ ဆရာကြီးအား ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့သူများမှာ ဗမာလူမျိုးကြီး ဝါဒီများနှင့် ဗမာစစ်ဝါဒီများဖြစ်သည်။ သူတို့သည် ဆရာကြီး၏ ရုပ်ခန္ဓာအား သတ်ဖြတ်နိုင်ခဲ့သော်လည်း ဆရာကြီး၏ ရခိုင်ပြည်နှင့် ရခိုင်လူမျိုးအပေါ် ချစ်သည့် စိတ်ဓာတ်ကိုကား သတ်၍မရနိုင်ခဲ့ချေ။
ဆရာကြီး၏ မွန်မြတ်သန့်စင်သော မျိုးချစ်စိတ်ဓာတ်သည် ရခိုင်းသားတို့ထံတွင် ဆက်လက်ပျံ့နှံ့စိမ့်ဝင်လျှက် ရှိသည်။ ဆရာကြီးသည် ရခိုင်ပြည်၊ရခိုင်သမိုင်း၊ ရခိုင်သားတို့အတွက် အစဉ်ထာဝရတောက်ပနေမည့် အာဇာနည် ကြယ်တစ်ပွင့်ဖြစ်ပေသည်။
ဇင်ကီး